ဘီယာဆိုင်မှာ စားပွဲထိုးလုပ်ရင်း၊ လမ်းဘေးမှာ ငါးကင်ရောင်းရင်းရတဲ့ငွေနဲ့ ပြည်သူတွေကို စာပေအသိရစေဖို့ မန္တလေး အခမဲ့စာကြည့်တိုက် ထူထောင်သူ ကိုဇော်ဇော်ကို အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့မှုတွေအတွက် အမေရိကန်အခြေစိုက် မြန်မာအသိုင်းအ၀န်းက ပြည်သူ့ဂုဏ်ရည်အထူးဆု ချီးမြှင့်ခဲ့ပါတယ်။ သူ့ရဲ့အကြောင်း၊ သူ့ရဲ့ ဘဝြဖတ်သန်းမှု တစေ့တစောင်းကို ကိုဇော်ဇော်ကိုယ်တိုင်အမှတ်တရ ပြန်ပြောပြထားပါတယ်။
နာဂစ်မုန်တိုင်းနဲ့အတူ ရန်ကုန်ကိုရောက်လာခဲ့သူ
ကိုဇော်ဇော် (ဓာတ်ပုံ - Mandalay Library)
နာဂစ်မုန်တိုင်းကြီးကျတဲ့နေ့မှာ ကျနော်က ရန်ကုန်မြို့ကို စရောက်တဲ့နေ့ပဲ၊ ကျနော်ရောက်တဲ့နေ့ရဲ့ ညမှာဖြစ်သွားတာ။ ကျနော်က ည ၁၁ နာရီလောက် ရောက်တယ်လေ။ ရောက်ပြီးတော့ ခဏနေလောက်လည်းကျရော မုန်တိုင်းကြီးက စတာပဲ၊ အဲလိုဘ၀ကနေ ကျနော်က စရောက်တာ။ တယောက်တည်းပဲ ရောက်လာတာ။ အဲဒီညက စားသောက်ဆိုင် မန်နေဂျာအိမ်ကို သွားအိပ်ရတာ။ ခဝဲခြံမှာ ထမင်းစားသောက်ပြီး မကြာဘူး မုန်တိုင်းတိုက်တာ။ ညသန်းခေါင်ကျော်ကျတော့ မုန်တိုင်းကြီးက တိုက်လာတာ။ သစ်ပင်တွေက မြေကြီးပေါ်မှာ လဲကုန်တယ်။ ကျနော်တို့ စားသောက်ဆိုင်တွေလည်း ပိတ်ထားတယ်။ မန်နေဂျာကလည်း အိမ်ပျက်စီးသွားတော့ သူ့အိမ်ကို ကျနော်က ၀င်ပြီးတော့ကူညီရတာ။ စစချင်း သူ့ရဲ့ဆိုင်ကို မသွားရဘူး။ ၅ ရက် ၆ ရက်လောက်သူ့အိမ်မှာနေပြီးမှ ကျနော့်ကို ဆိုင်ကိုခေါ်သွားတာ။ ကျနော်က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကတောကျေးရွာအုပ်စု၊ စည်သာကျေးရွာကနေပြီးတော့ ရန်ကုန်ကို စာအုပ်ကလေး ၃ အုပ်နဲ့ တက်လာခဲ့တာ။
ဘီယာဆိုင်အလုပ်သမားဘ၀
ရန်ကုန်ရောက်လာတော့ ကျနော်က တာမွေမြို့နယ်က ဘီယာဆိုင်မှာ စားပွဲထိုးလုပ်တယ်။ ရောက်ရောက်ချင်းမှာပဲ ကျနော့်မှာ ကြုံတွေ့တဲ့ အခက်အခဲတွေ အများကြီးပေါ့။ စစလုပ်ချင်းကိုတောင်မှ စားပွဲထိုး တန်းမခန့်ဘူး။ အိမ်သာဆေးခိုင်းတယ်၊ ကြမ်းတိုက်ခိုင်းတယ်၊ ဆိုင်ပိုင်ရှင်ရဲ့သားလာရင် သူ့ရဲ့ စီးတဲ့ဖိနပ်ကို ချွတ်ခိုင်းတယ်။ ခုခေတ်စားပွဲထိုးတွေနဲ့ဆိုရင် အများကြီး ကွာသွားတယ်ပေါ့။ ခု ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော် သင်လို့ရတယ်၊ အကြော်ခန်းထဲကို ၀င်လို့ရတယ်။ ကျနော်တို့ခေတ်တုန်းကတော့ အကြော်ဆရာရဲ့ အကြော်ခန်းထဲကိုတောင်မှ ၀င်ခွင့်မရဘူး။ ကျနော်တို့ကို ထမင်းကြွေးတာတောင်မှ ဆန်ကြမ်းပေါ့လေ၊ ဆန်ကြမ်းနဲ့ ဘယာကြော်လေးတခုနဲ့ မနက်စာကို ပြီးခဲ့ရတာပေါ့။ ညတိုင်ဆိုရင် သူများစားကြွင်းစားကျန်တွေကို အိတ်ကလေးတွေနဲ့ထုတ်ပြီး ကျနော်တို့က စားခဲ့ရတာ။ ခုလည်း မြန်မာပြည်မှာ အများကြီးရှိမှာပါ။ ကျနော့်လိုလူမျိုးတွေလေ၊ အဲလိုပြည်သူတွေကို ကျနော်က အရမ်းစာနာတာ။
ကျနော်က လေးတန်းပဲအောင်တယ်။ ဒါပေမယ့် စာဖတ်ခဲ့တဲ့အတွက် ခွန်အားတွေ ရှိလာတယ်ပေါ့လေ။ စာပေကြောင့် အသိပညာတွေ ရှိလာတယ်။ ကျနော်က လေးတန်းပဲ အောင်တယ်ဆိုတော့ ရန်ကုန်မြို့ကြီးမှာ စားပွဲထိုးအဆင့်လောက်ပဲ လူငယ်တွေကို ခန့်တာပေ့ါနော်။ ဘွဲ့ရတဲ့လူတွေတောင်မှပဲ ကျနော်တို့ ဗမာပြည်က အလုပ်လက်မဲ့တွေ အများကြီး။ အဲဒါနဲ့ နောက်ပိုင်းမှာ ကျနော်က အကြော်ဆရာဆီကနေပြီးတော့ တတ်တဲ့ပညာကို အသုံးချတယ်။ အသားကင်ပညာကို အသုံးချတယ်။ အဲဒါနဲ့ ကျနော်က ရှိတဲ့ဥစ္စာလေးနဲ့ တွန်းလှည်းလေး တစီး၀ယ်ပြီးတော့ လှည်းတန်းမှာ ငါးကင်လိုက်ရောင်းတယ်။ အဲလိုမျိုး ဘ၀ကို စခဲ့ရတယ်။
အခမဲ့ တကိုယ်တော် စာကြည့်တိုက် စတင်ခြင်း
ကျနော်က စာဖတ်ဝါသနာ ပါတယ်လေ။ ပါတော့ကျတော့ ကျနော်က စာကြည့်တိုက်ကို အရင်ရှာတာပေ့ါ့။ မေးတယ် ပြုတယ်။ အဲလိုရှာတဲ့အချိန်မှာ စာကြည့်တိုက်တွေက ကျနော့်ကို ယုံယုံကြည်ကြည်မငှားဘူး။ တောသားဆိုပြီးတော့နော်။ ပိုက်ဆံမရှိဘူး၊ တောသားဆိုပြီးတော့ ကျနော့်ကို မငှားဘူး။ မှတ်ပုံတင်ယူခဲ့ရမယ်ပေါ့။ ကျနော်တို့မှာ မှတ်ပုံတင်မှမရှိတာ၊ အသက်မပြည့်တော့လေ။ အဲအတွက် ကျနော်ခံစားရတယ်ပေါ့နော်။ အဲဒါနဲ့ ကျနော်ရတဲ့ လစာလေးကနေပြီးတော့ စာအုပ်ပဲ ၀ယ်ဖတ်တာနဲ့ တနှစ်လောက်က အိမ်ကို ငွေမပို့နိုင်ဘူး။ ကျနော့်မှာ စာအုပ်က ၇၀၀ ျေက်ာလောက် ရှိသွားပြီပေါ့။ တနှစ်အတွင်းမှာ စုလိုက်တာလေ။
အခုဆို စာအုပ် ၂ သောင်း ၄ ထောင်လောက်ရှိတယ်။ စာကြည့်တိုက် ၂ တိုက် ဖွင့်ပြီးသွားပြီ။ အခု လှိုင်မြို့နယ် အောင်မေတ္တာ (၄) လမ်းမှာ ငါးကင်ရောင်းပြီး စာကြည့်တိုက်ဖွင့်တယ်။ ပြီးခဲ့တဲ့လက ကျနော်ရဲ့ ဇာတိရွာ ကျောက်ပန်းတောင်း၊ စည်သာကျေးရွာမှာ မန္တလေးစာကြည့်တိုက် ၂ ဆိုပြီး ကျနော် စာအုပ် ၈၅၀၀ ကို ကျနော်ပြန်ဖွင့်ခဲ့တယ်။ အောင်မြင်စွာ ဖွင့်ခဲ့ပြီးသွားပြီ။
ကျနော်ကတော့ ရိုးရှင်းတယ်။ ရန်ကုန်မြို့က စာကြည့်တိုက်တွေမှာ အသင်း၀င်တွေ ဘာတွေ ကျနော့်မှာ လုံး၀မရှိဘူး။ အမေရိကန်သံရုံးက တခါ ၂ ရက် စာကြည့်တိုက်သင်တန်း ပို့ချတယ်။ ဒါပေမယ့် ကျနော်က အင်္ဂလိပ်စာမှ နားမလည်တာ၊ ဘာမှ အသိပညာမရခဲ့ဘူး။ စာအုပ်ထိန်းသိမ်းမှုတွေ ဘာတွေ ဘာမှမသိဘူး။ အခုလည်း ကျနော့်စာကြည့်တိုက်က ဒီလိုပဲပေါ့နော်။ ကိုယ်လိုချင်တဲ့စာအုပ်ကို ကိုယ့်ဘာသာကိုယ် ဘောပင်နဲ့ရေး၊ ပြီးသွားရင် ကိုယ့်ဘာကိုယ်ပြန်အပ်၊ ကိုယ့်ဘာသာကိုယ် ပြန်စီ၊ ဒီလိုစနစ်ပဲကျင့်သုံးတာ။ ကျနော် စာကြည့်တိုက်တံခါးကို ဖွင့်ခဲ့တယ်။ ကျနော် ပိုက်ဆံရှိလို့ စာကြည့်တိုက်ဖွင့်တာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေ အသိပညာရှိဖို့ စာကြည့်တိုက်ဖွင့်တာ။ ဒါကြောင့် ကျနော် စာအုပ်ပျောက်လည်း ကျနော်က မနှမျောဘူး။
စက်ဘီးကလေးနဲ့ ရွေ့လျားစာကြည့်တိုက်
ကျနော့်နီးစပ်ရာ ပတ်၀န်းကျင်ကို ကျနော်က အခမဲ့ စက်ဘီးခြင်းတောင်းလေးထဲ ထည့်ပြီးတော့ လိုက်လိုက်ပို့တယ်။ ကျနော် စာပေကြောင့် ခွန်အားရှိခဲ့တယ်။ စာပေကို ဖတ်ပေးကြပါ။ အသိပညာတွေရှိတယ်ဆိုပြီး ကျနော်က လိုက်ပြီးပို့တယ်။ အခု ကျနော် သမိုင်းလမ်းဆုံကနေ MRTV4 အထိအောင် ညနေငါးနာရီခွဲလောက်ဆို ကျနော် စက်ဘီးလေးပေါ်မှာ စာအုပ် ၇၅ အုပ် တင်သွားတယ်။ ဟိုဘက်တခေါက် ဒီဘက်တခေါက်ပေါ့။ ကျနော့်ကို လူတွေက ရင်းနှီးနေတယ်လေ။ သူတို့ဆီကို စာအုပ် ၁၀ အုပ်ပို့ပြီးတော့ ၁၀ အုပ်ပြန်ယူ၊ နောက်လူဆီမှာ ၁၀ အုပ် ပြန်ပေးပေါ့။ အဲလို စာကြည့်တိုက်ဆိုတော့ ကျနော့်စာအုပ်က မပျောက်တော့ဘူးပေါ့လေ။ အိမ်တိုင်ယာရောက် ပို့ပေးတာဆိုတော့။ သိပ်အကြာကြီးလည်း မပို့ရဘူး။ နာရီ၀က်လောက်ဆိုရင် လူပေါင်းများစွာ ဖတ်လို့ရတယ်။ ၃ ရက်တခါ ၄ ရက်တခါမှ ကျနော်သွားသိမ်းပေးတာ။ လူငယ်လူရွယ်တွေကိုရော၊ မြန်မာနိုင်ငံက စာကြည့်တိုက်တွေကိုရော ကျနော်မေတ္တာရပ်ခံချင်တယ်။ စာကြည့်တိုက်ဖွင့်မယ်ဆိုရင် စာအုပ်ပျောက်မယ်ဆိုတာ သိထားဖို့လိုတယ်။ စာအုပ်ပျောက်တိုင်း မနှမျောပါနဲ့။ စာပေမျိုးစေ့ဆိုတာ အရမ်းတန်ဖိုးရှိပါတယ်။ စာအုပ်ပျောက်တိုင်းသာ နှမျောနေရင် စာကြည့်တိုက်ဖွင့်ဖို့ စိတ်ကူးမထားပါနဲ့။ မြန်မာနိုင်ငံက လူငယ်လူရွယ်တွေကလည်း စာကြည့်တိုက်တွေကို များများသွားကြပါ။ စာပေကပေးမယ့် ခွန်အားတွေ အများကြီးပါ။ ကျနော့် မန္တလေးစာကြည့်တိုက်ကနေပြီးတော့ အခမဲ့ စာအုပ်ငှားပေးပါတယ်။
ခက်ထန်ကြမ်းတမ်းတဲ့ ငယ်ဘဝကောက်ကြောင်း
ခု ကျနနော့်အသက်က ၂၅ နှစ်စွန်းစွန်းလေး ရောက်သွားပါပြီ။ အဖေအမေလည်း ရှိပါတယ်။ အဖေက ၅၁ နှစ်၊ အမေက ၅၂ နှစ်၊ အားလုံးမွေးချင်း ၆ ယောက်မှာ ညီမလေးက အငယ်ဆုံး၊ ဒီနှစ် ၇ တန်းတက်မှာ။ ကျနော်က ဒုတိယမြောက်ပါ။ ကျောင်းမတက်နိုင်တာက ကျနော် ပိုက်ဆံမရှိဘူးဗျ။ ကျနော်တို့ မိသားစုက ဆင်းရဲတယ်လေ။ ကျနော်တို့က သူများယာမြေတွေကို လိုက်ပြီးတော့ အငှားလုပ်ရတယ်။ ကျောင်းဆက်တက်ချင်တာပေါ့ အစ်ကိုရာ။ တက်ချင်တယ်၊ ပိုက်ဆံမရှိလို့ မတက်ရတာ။ သူများတွေလို ကွန်ပျူတာတွေလည်း ကျွမ်းကျင်ချင်တယ်၊ အင်္ဂလိပ် စကားပြောတွေလည်း တတ်ချင်တယ်။ သူများတွေ ကျောင်း၀တ်စုံလေးနဲ့ သွားနေတယ်ဆိုလည်း ကျနော်က သွားချင်တာလေ။ ကျောင်း၀တ်စုံလေးတွေနဲ့ လမ်းသွားတာတွေ့ရင် မျက်ရည်ဝဲရတယ်ပေါ့နော်။ ကိုယ်ကျောင်းမနေခဲ့ရဘူးလေ။ အခွင့်အရေးရရင် ငါးတန်းကနေ ပြန်နေခိုင်းရင်တောင် နေချင်တာပေါ့။ ဘာကြောင့် ကျောင်းမနေခဲ့ရသလဲဆိုတော့ ကျနော်တို့က ဆင်းရဲတယ်လေ။ ဆင်းရဲတာမှ ကျနော် ငါးတန်းတုန်းက သူများတွေက ထမင်းချိုင့်လေးတွေနဲ့ စားနေရင် ကျနော့်မှာ ထမင်းချိုင့် မထုတ်နိုင်လို့ ရွာကို တခါပြန်စားရတာပေါ့လေ။ မစားနိုင်တဲ့နေ့ဆိုရင် အမေက တောထဲမှာ ပဲကောက်ထားတဲ့ ပဲလေးတွေကို ခါးပုံစလေးထဲမှာထည့်၊ လယ်တောထဲမှာ မီးဖုတ်စားရတာလေ။ တဖြည်းတဖြည်းနဲ့ ခက်ထန်ကြမ်းတမ်းလာတဲ့ အခါကျတော့ ကျနော်တို့ အမေကနေပြီးတော့ ကျောင်းမထားနိုင်တော့ ကျနော် ရွာထဲက သစ်ပင်တွေကနေပြီး သစ်ရွက်တွေလိုက်ခူးပြီး ရွာထဲမှာ လိုက်ရောင်းရတာ၊ ဘ၀နာခဲ့ရတာပေါ့။ နှစ်လ သုံးလလောက် ကျောင်းမနေဘဲနဲ့ နောက်ဆုံးကျတော့ ကြီးပွားတိုးတက်ချင်တယ်ပေ့ါနော်။ ရန်ကုန်မြို့ကြီးကို ရောက်ဖူးချင်တယ်ဆိုပြီးတော့၊ ရွှေတိဂုံဘုရားကြီးလည်း ဖူးချင်တယ်ဆိုပြီးတော့ ပိုက်ဆံလေး ကျပ် ၇၅၀၀ နဲ့ စွန့်စားပြီးတော့ ရန်ကုန်မြို့ကြီးကို ရောက်လာခဲ့တယ်။
အဖိုးရဲ့လက်ဆောင် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများ
အရမ်း အဲဒါကြီးက ဆန်းကျယ်တယ်ဗျ။ ကျနော်တို့ မိသားစုကို ဆင်းရဲအောင်လုပ်တာကလည်း ဗိုလ်ချုပ်ပိုက်ဆံတွေပဲဗျ။ ကျနော်တို့ပိုက်ဆံတွေ ပြည်သူပိုင် အသိမ်းခံရတာ ကျနော်တို့တောမှာလေ၊ အဘပြောတာ ဦးနေ၀င်းခေတ်မှာ တရာတန်တွေပေါ့၊ သုံးမရတော့ဘူး ကြေညာတာ။ အဘက ဆင်းဆင်းရဲရဲနဲ့ အောက်ပြည်အောက်ရွာကို အလုပ်သွားလုပ်တော့ ပိုက်ဆံတွေ ပါလာတာပေါ့။ ပါလာတဲ့ဟာ သူ့ဥစ္စာ ပြည်သူပိုင်သိမ်းတဲ့အထဲ ပါသွားတာ။ သုံးနှစ်သုံးမိုးလောက်ပေါ့၊ သုံးနှစ်လောက်ကို သွားလုပ်တဲ့ဟာ အဲဒီက ပိုက်ဆံတွေက အလကားပဲ၊ အသုံးမ၀င်တော့ဘူးပေါ့လေ။ အဘက ပြန်လာရင် အိမ်ကလေးဆောက်ပြီး သူများအိမ်မှာ မနေတော့ဘဲနဲ့ သူများအလုပ်တွေ လိုက်မလုပ်တော့ဘဲနဲ့ ယာလေးဘာလေး နွားတရှဉ်းလေး ဘာလေး ၀ယ်ပြီးနေမယ်ပေါ့။ အဘက သုံးနှစ်သုံးမိုး သူများဆီမှာသွားပြီး အလုပ်လုပ်တာ ပိုက်ဆံတွေ ရလာတယ်။ အဲဒါတွေကို ပြည်သူပိုင်သိမ်းလိုက်တာ။ အဲဒါကြီးကို ကြည့်ကြည့်ပြီးတော့ အဘက အမြဲတမ်းပြောတာ ကျနော်တို့ မြေးတွေဘာတွေ ရှင်ပြုလို့ရတယ်ပေါ့။ အဲဒီတုန်းက ပိုက်ဆံဆိုရင် အဘက အဲဒီပိုက်ဆံတွေကို တန်ဖိုးထားတယ်။ သူသိပ်ချစ်တဲ့၊ လေးစားတဲ့ ဗိုလ်ချပ်ပုံ ပိုက်ဆံတွေကို ကျနော် ရန်ကုန်သွားတော့ လက်ဆောင်ပေးလိုက်တယ်။
လေးစားအားကျဆုံးပုဂ္ဂိုလ်
ကျနော် အလေးစားဆုံး ပုဂ္ဂိုလ်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတယ်။ ကျနော် ရန်ကုန်ကို စတက်လာတော့ ကျနော်ပိုက်ဆံ ၇၅၀၀ နဲ့ ဘဘဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ပိုက်ဆံတွေ ကျနော့်အဖိုးက လက်ဆောင်ပေးလိုက်တယ်လေ။ ဘီယာဆိုင်မှာ အလုပ်လုပ်နေတုန်းက အပွင့်တွေနဲ့ ရဲတွေ၊ စည်ပင်တွေကို ကျနော် အမြဲတမ်းကြောက်နေရတာ။ ကျနော့်ပိုက်ဆံတွေကို သိမ်းမှာကြောက်နေတာ။ ကျနော့်အဘက သားတဲ့ ဒီပိုက်ဆံတွေနဲ့ ဗိုလ်ချုပ်ပုံက အရမ်းတန်ဖိုးရှိတယ်တဲ့၊ ငါ့မြေး ထိန်းသိမ်းစောင့်ရှောက်ပါဆိုပြီး အရွက်ပေါင်း ၈၅၀၀ ကို ကျနော့်ကို လက်ဆောင်ပေးလိုက်တာပေါ့။ အဲဒါကို ကျနော့်စာကြည့်တိုက်မှာ ကျနော် မြတ်မြတ်နိုးနိုးနဲ့ ထာ၀ရ ချိတ်ဆွဲထားတယ်။ ကျနော့်ဆီမှာ ဗိုလ်ချုပ်ပုံပါတဲ့ ငါးပြားစေ့က အစ တရာတန်အထိအောင် ကျနော့် စာကြည့်တိုက်မှာရှိတယ်။ ရွာကနေပြီး ရန်ကုန်ကိုတက်မယ် ဆိုတုန်းက ဗိုလ်ချုပ်အောင်ဆန်း ပိုက်ဆံတွေ ကျနော့်ကို လက်ဆောင်ပေးလိုက်တယ်။ အဲဒီပိုက်ဆံတွေကြည့်ပြီး သား ခွန်အားရှိအောင် ကြိုးစားပါ။ ဗိုလ်ချုပ်ရဲ့ စိတ်နေသဘောထားကို ရအောင်လုပ်ယူပါ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တို့ဗမာပြည်မှာတော့ အထူးခြားဆုံးပုဂ္ဂိုလ်ပဲ၊ အရမ်းနှလုံးလှတယ်ပေါ့နော်၊ သားလည်း တနေ့ ဒီလိုဖြစ်အောင် ကြိုးစားပါပေါ့နော်။
မချိုးဖြစ်၊ မစားဖြစ်ခဲ့တဲ့ ဝါးမျှစ်ကလေးများ
ကျနော့်အဘက ပုံပြင်တွေပြောရင် သစ်ပင်တွေ၊ ဝါးပင်တွေကို ကြည့်ပြီးပြောတယ်။ ကျနော်က တောမှာနေတော့ ဝါးပင်ရင်းက မျှစ်တွေကို စားချင်တာတောင်မှ ကျနော့်အဘက ဘယ်လိုပြောလဲဆိုတော့ ငါ့မြေး မင်း ဒီဝါးပင် မျှစ်ပေါက်တွေကိုစားရင် မင်းနဲ့ ဘဘအတွက်ပဲ ဖြစ်မှာပေါ့ကွတဲ့။ ဒီဝါးပင်ရဲ့ မျှစ်ကလေးကို ပြုစုပျိုးထောင်ပြီးတော့ တို့နိုင်ငံအတွက်၊ တိုင်းပြည်အတွက်၊ ရွာအတွက်ဆိုရင် အများကြီး အသုံး၀င်တယ်ပေါ့။ ဟာ ဘဘကလည်း သား နားမှမလည်တာပေါ့လို့ ပြန်ပြောတော့ သားတနေ့ နားလည်မှာပေါ့တဲ့။ တနေ့ ကျနော်တို့ မြေးအဘိုးနှစ်ယောက်က လှည်းလေးတလှည်းနဲ့ ဝါးပင်ရဲ့ အကိုင်းအခက်တွေကို ခုတ်ပြီးတော့ ဘဘနဲ့ ငါ့မြေး မစားခဲ့တဲ့ ဝါးပင်တွေဟာ အခု တို့ရွာမှာ၊ တို့အိမ်မှာ နှစ် ၈၀ သုံးလို့ရပြီတဲ့၊ ထမ်းပိုးတွေလည်း လုပ်လို့ရတယ်၊ နိုင်ငံအတွက် သစ်ပင်ဝါးပင်တွေကို တဲထိုးလို့ရတယ်၊ အိမ်ဆောက်လို့ရတယ်၊ ခွဲသားလုပ်လို့ရတယ်။ တို့မြေးအဖိုးနှစ်ယောက် တခဏတာ မစားခဲ့တဲ့ ဥစ္စာဟာတွေဟာ ရွာအတွက်ကော၊ တိုင်းပြည်အတွက်ကော ဘယ်လောက် အသုံး၀င်လဲဆိုတာ မြေးလေးကြည့်ပါ။ လူဆိုတာ ငါ့ဖို့ ငါ့ဟာ ငါ့ဥစ္စာဆိုတာ ဘယ်တော့မှ မမက်နဲ့ကွတဲ့။ အဲဒါ လူ့အတ္တသမားတဲ့၊ ခု ကျနော့်ဘဘက မရှိတော့ဘူး။ ဘဘပြောခဲ့တဲ့ပုံပြင်တွေ ဇာတ်ထုပ်တွေကို နားထောင်ပြီးတော့ ကျနော်တတ်သလို၊ ကျနော်သိသလို လူငယ်တွေကိုလည်း စာပေမျိုးစေ့တွေ ချပေးချင်တာပေါ့။
အကြိုက်နှစ်သက်ဆုံးစာပေ
ကျနော်အကြိုက်ဆုံး စာရေးဆရာတွေကတော့ များတယ်။ ဆရာကြီး ရွှေဥဒေါင်းကို ကြိုက်တယ်။ ကဗျာဆရာ စာရေးဆရာကြီး မင်းသု၀ဏ်လည်းကြိုက်တယ်။ ဆရာမြသန်းတင့်လည်း ကြိုက်တယ်။ တက္ကသိုလ်စိန်တင်လည်း ကြိုက်တယ်။ ကျနော်ကတော့ အဖြစ်အပျက်ကို ပုံဖော်ထားတဲ့ တကယ့်မှတ်တမ်းတွေကို ကြိုက်တယ်။ အတ္ထုပ္ပတ္တိတွေကြိုက်တယ်။ စာအုပ်ကတော့ ဖတ်တယ်။ စိတ်ညစ်ရင် ဘာမှမလုပ်ဘူး၊ စာပဲထိုင်ဖတ်တယ်။ ညဆိုရင် ၁၀ နာရီထိုးလောက်ကနေ စာကြည့်တိုက်ပိတ်ပြီး အိပ်ချိန် ၁၁ နာရီထိုးလောက်ကနေ ဖတ်လိုက်တာ ၃ နာရီထိုးလောက်မှ ပြီးတယ်။ ကျနော့်ဘ၀ကို လွှမ်းမိုးတဲ့ စာအုပ်ကလေးကတော့ ဦးဘသန်း (ဓမ္မိက) ရေးတဲ့ ယောနသံဇင်ယော် စာအုပ်ပဲ။ အဲဒီစာအုပ်ကလေး ကျနော် အရမ်းကြိုက်တာ။ တောင်ပံမပါလို့မို့လို့ ကြိုးစားပမ်းစား ပျံတက်တဲ့ ခွန်အားဖြစ်စေတဲ့ ငှက်ကလေးကို အရမ်းကြိုက်တာ။
နိုင်ငံတိုးတက်ဖို့ စာပေနဲ့ ပြုပြင်လိုသူ
ကျနေ်ာ့ဘ၀က မြန်မာပြည်တိုးတက်ဖို့၊ မြန်မာလူမျိုးတွေ တိုးတက်ဖို့ စာပေနဲ့ ပြုပြင်မှာလေ။ ကျနော်တို့ လူငယ်တွေ၊ မြန်မာနိုင်ငံက လူငယ်တွေရဲ့ အကောင်းဆုံးလက်နက်က ကိုရီးယားမှာရှိတဲ့ နျူကလီးယား အဏုမြူဗုံးလည်း မဟုတ်ဘူး။ အမေရိကန်မှာရှိတဲ့ ဒုံးကျည်တွေလည်း မဟုတ်ဘူး။ စာပေပဲ။ ကျနော်တို့ မြန်မာနိုင်ငံမှာ စာပေနဲ့ ပြုပြင်မှရမှာ။ ကျနော်တို့ဆီမှာက စာတအားငတ်တာ၊ စာဖတ်ချင်တယ်။ စာကြည့်တိုက်မရှိဘူး၊ လုံး၀မရှိဘူး။ ကျနော်တို့နေရာမှာ ၁၆ ရပ်ကွက်ရှိတယ်။ ၁၆ ရပ်ကွက်လုံးက ကျနော့်လို လမ်းဘေးစျေးသည်ရဲ့ စာကြည့်တိုက်ကိုပဲ လာကြရတာဆိုတော့ အရမ်းရင်နာတာပေါ့နော်။ ဒါကြောင့် အများကြီး စာကြည့်တိုက်တွေ ဖွင့်ချင်တယ်။
အမှန်အတိုင်းပြောရင် ကျနော်က လေးတန်းအောင်ပါပဲ။ ကျနော့်လို လေးတန်းပဲအောင်တဲ့ လူတယောက်က ဒီလိုလုပ်နိုင်တယ်ဆိုရင် ဘွဲ့ရ၊ ပညာတတ်တွေကလည်း ဒီလိုသာ လုပ်လိုက်ရင် စာကြည့်တိုက်တွေ များများဖွင့်မယ်။ တတ်တဲ့ပညာနဲ့ အသုံးချလိုက်မယ်ဆိုရင် တချိန်ချိန်ကျရင် အောင်မြင်တဲ့လူတွေ အများကြီးဖြစ်လာမှာပေါ့။ မြန်မာပြည်မှာရှိတဲ့ လူငယ်လူရွယ်တွေ အသိပညာတွေရှိအောင် ကြိုးစားကြပါ။ စာပေတွေ များများဖတ်ပါ။ ကျနော့်လို လေးတန်းအောင် တယောက်တောင် စာပေတွေဖတ်လို့ ခွန်အားရှိခဲ့တာ၊ ဘွဲ့ရ ပညာတတ်တွေ အတန်းပညာတွေ သင်ထားတဲ့လူတွေက စာပေတွေဖတ်လိုက်ရင် ကျနော်တို့တိုင်းပြည် အနာဂတ်က ကောင်းသွားပါမယ်။
အခု ဒီမှာ ကျနော်တို့ မြန်မာပြည်မှာ အဖတ်အများဆုံးက ၉ တန်းရဲ့ အောက်က ကလေးတွေကျတော့ ကာတွန်းတွေ အဖတ်များတယ်။ ၂၄ နှစ်ကျော်သွားရင် သုတ၊ ရသ၊ ဘာသာပြန်တွေ အဖတ်များတယ်။ ၈၅ ရာခိုင်နှုန်းက လူကြီးတွေမလာဘဲ ကလေးတွေ လာနေကြတယ်။ အဲဒါလေး ကျနော် အားရကျေနပ်တယ်။ မကျေနပ်ဆုံးက မြန်မာပြည်ရဲ့ စာကြည့်တိုက်စနစ်ပေါ့။ မြို့စွန် အောင်မင်္ဂလာ အဝေးပြေးကနေ လှည်းတန်းထိအောင် စာအုပ်အသစ်တအုပ်ကို ၀ယ်ဖို့ ဆိုင်တဆိုင် မရှိဘူး။ လှည်းတန်းနဲ့ မြို့ထဲပဲ စာအုပ်ဆိုင်ရှိတယ်။
ပြည်သူ့ဂုဏ်ရည် အထူးဆုရတဲ့ပေါ်
ဆုရတဲ့အတွက် ၀မ်းသာတာပေါ့။ ကျနော့်လို လမ်းဘေးစျေးသည်ကို ဒီလိုဆုပေးတာ။ ကျနော့်မှာလည်း တာ၀န်တော့ ပိုများသွားတာပေါ့လေ။ ကျနော်က ကိုယ်တတ်တဲ့ပညာနဲ့၊ သိတဲ့ပညာနဲ့ စာဖတ်ပြီးတော့ အသိပညာတွေရသလို သူများလည်း ရစေချင်တဲ့အတွက် ကျနော်က စာကြည့်တိုက် ဖွင့်တာပေါ့လေ။ ကျနော်က နိုင်ငံရေးတွေ ဘာတွေ ဘာမှမသိဘူး။ စာပေခွန်အားပဲ သိတယ်။ ကျနော့်ကို စာအုပ်တွေ လာလှူလို့ရပါတယ်။ ကျနော့်စာကြည့်တိုက်က ကျနော်တို့ မြန်မာပြည်အတွက် ရပ်တည်တာ။ အလှူရှင်တွေလာလို့ ကျနော် စာအုပ်တွေ အများကြီးရရင် ကျနော် စာကြည့်တိုက်တွေ အများကြီးဖွင့်နိုင်တာပေါ့။
အနာဂတ်မျှော်လင့်ချက်
ကျနော့်ရည်မှန်းချက်ကတော့ စာပေထဲမှာပဲ ကျနော့်ဘ၀ကို မြှုပ်နှံမယ်။ ကျနော် ဒီဘ၀မှာ ကျနော်တို့ မြန်မာလူမျိုးတွေ အသိပညာရှိဖို့ ကျနော်တတ်နိုင်တဲ့ဘက်က လုပ်မှာပဲ။ ကျနော့်မှာ အဖွဲ့အစည်း ဘာတယောက်မှမရှိဘူး။ ကျနော့်စာအုပ်တအုပ်ကို စာအုပ်လာချုပ်ပေးတဲ့ မြန်မာနိုင်ငံသား တယောက်မှမရှိဘူး၊ အခုအချိန်အထိအောင်။ အခုဆိုရင် ကျနော့်စာကြည့်တိုက်က ရန်ကုန်တမြို့လုံးတင်မကဘူး၊ တနိုင်ငံလုံးကလူတွေက အကုန်လုံးသိနေပြီ။ မန္တလးစာကြည့်တိုက်မှာ လွတ်လပ်စွာ ငှားနိုင်တယ်၊ ပြုနိုင်တယ်ပေါ့။ အဓိကလိုချင်တာ ကျနော့်မှာ တိုက်ခန်းမရှိဘူး။ ဒီနေရာကနေ ပြောင်းသွားရမှာ အရမ်းစိုးရိမ်တာ။ လှိုင်မှာ ကျနော်က အိမ်ခန်း တလကို ၂ သိန်းပေးပြီးတော့ ငှားထားရတာ။ အိမ်လခကတော့ ကျနော်တို့ ငါးကင်ရောင်းရတဲ့အထဲက လုပ်တာပဲ။ ကျနော်တို့ ညီအစ်ကို ၃ ယောက်ရှိတယ်။ ၃ ယောက်စလုံးက ကျနေ်ာတို့ဘ၀က ဆင်းဆင်းရဲရဲပဲ။ ကျနော်တို့မှာ စာကြည့်တိုက်ဖွင့်နိုင်တဲ့ ဂုဏ်ပုဒ်ပဲရှိတယ်၊ ကျနော်တို့မှာ ချမ်းသာတာ စာအုပ်ပဲရှိတယ်။ စာအုပ်ဖိုးကကျတော့ တလကို ကျပ် ၂၈၀၀ – ၃၀၀၀ လောက် စာအုပ်ဖိုးဆိုပြီးတော့ ကျနော်က သီးသန့် စုဘူးလေးထဲမှာ ထည့်တယ်ပေါ့။
ကျနော် မခံချင်စိတ်နဲ့ စာတွေဖတ်ပြီးတော့ လမ်းဘေးမှာ ငါးကင်ရောင်းပြီးတော့ အသိပညာတွေ ရှာခဲ့တယ်ပေါ့နော်။ ကျနော့်လို လူငယ်တွေလည်း စာကြည့်တိုက်တွေသွား၊ စာတွေဖတ်လိုက်လို့ရှိရင် သူတို့မိသားစုတွေအတွက်၊ မြန်မာပြည်အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်ဆိုပြီး ကျနော်က စာကြည့်တိုက်နဲ့ ဘ၀ကို လုံးလုံးရပ်တည်ခဲ့တယ်။ ကျနော်သေရင်တောင်မှ စာကြည့်တိုက်ဘေးနားမှာ၊ စာအုပ်ဘေးနားမှာ သေချင်တယ်။ ကျနော်နေချင်တာက စာကြည့်တိုက်မှာ ထာ၀ရနေချင်တယ်။
အခုဆိုရင်မန္တလေးအခမဲ့စာကြည့်တိုက် က ရန်ကုန် ကျောက်ပန်းတောင်း ပုလဲ ကန်ကြီးထောင့် တို့မှာပါရှိနေပါပြီ♥️
Dvb news
Credit - Knowledge Land - Book Store Page မှပြန်လည်ကူးယူဖော်ပြပါသည် ။
#Book_review
No comments:
Post a Comment