'ကျွန်တော်. . .ဆရာမယောက်ျား' (ကောင်း-မန္တလေး)'
💞💞💞💞💞 💞💞💞💞💞
'မောင် တို့ လက်ထပ်ရအောင်. . .ခင်'
အဲဒီစကားလေးကို ကျနော် အမြတ်တနိုးပြောခဲ့တာ။ ခင့်ကို ကျနော် သိပ်ချစ်ခဲ့တယ်။
အခုထိလည်း ချစ်နေဆဲပဲ။
နောင်လည်း ချစ်နေအုံးမယ်။
မှတ်မိသေးတယ်။
ကျနော်တို့ရွာကို ခင် တာဝန်ကျတော့ ရွာက အခုလို အလယ်တန်းကျောင်းခွဲ မဟုတ်သေးဘူးဗျ။
မူလတန်းကျောင်းလေး။
မူလတန်းပြ ဆရာမ ငယ်ငယ်ချောချောလေး ဖြစ်တဲ့
ခင် ဟာ ကျနော်တို့ရွာမှာ'' စတား''ပေါ့ဗျာ။
အဖြူအစိမ်း ရင်ဖုံးလက်ရှည်လေး ဝတ်ပြီး
ဆံထုံးလေး မှာ ပန်းလေးတစ်ပွင့် အမြဲပန်ထားတဲ့ ဆရာမလေး ရဲ့ နာမည်က တစ်လုံးတည်းပဲ။
'' ခင် '' တဲ့။
ခင်က အတော်လှတာ။
ကာလသားတွေဆိုတာ ညနေဆို ဆရာမတွေ နေဖို့ ရွာကဆောက်ပေးထားတဲ့ ဘုံတဲ (စုပေါင်းဆောက်ထားသော အိမ်လေး) ရှေ့မှာ
မယ်ဒလင် တဒေါင်ဒေါင် ဂီတာ တဂွမ်ဂွမ်နဲ့ပေါ့။
ဆိုကြတဲ့သီချင်းဆိုတာလဲ သိန်းဇော်ရဲ့
''ခင်နဲ့မောင်နဲ့ ပေါင်းရပါစေသား. . .'' ဆိုတာချည်းပဲ။
တကယ်ပဲ ခင်က သိပ်လှတဲ့ ဆရာမလေးဗျ။
💞💞💞💞💞💞💞💞💞💞💞
ကျွန်တော် ကံကောင်းတယ်ဗျ။
ပိုးသူပန်းသူ ကာလသားတွေထဲမှာ မှ
ခင်က ကျနော့်ကို ချစ်သူအဖြစ်ရွေးချယ်ခဲ့တယ်။
ပျော်လိုက်ရတာ ဆိုတာဗျာ။
ဒါတောင် သုံးနှစ်ကျော်ကျော် ချစ်ခွင့်ကို တောက်လျှောက်ပန်နေခဲ့ရတာ။
အတိအကျပြောရ ရင် ၃နှစ်နဲ့ ၄လ။
'ကိုမောင်ဦး
ကျမ ရှင့်ကို ယုံကြည်လို့ ရွေးချယ်ခဲ့တာနော်''တဲ့လေ။
သူပြောတဲ့ ယုံကြည်လို့ ဆိုတာ အတော်ကျယ်ပြန့်တာကလားဗျ။
နောက်ပိုင်းတော့ ခင်က ကျနော့် အလိုကျ ကိုမောင်ဦးလို့ ခေါ်ရာကနေ 'မောင်' လို့ ခေါ်ပေးခဲ့ပါတယ်။
လက်ထပ်ဖို့ပြောတော့ ခင် က ပြောတယ်။
'မောင် ခင်က ဆရာမနော်
ဝင်ငွေလည်းမကောင်းဘူး
နောက်ပြီး ခင့်ရဲ့ တစ်နေ့တာ အချိန်တွေဟာ
မိပေါင်းသား တပည့်သားသမီးတွေဆီမှာ ကုန်ဆုံးရမှာ
မောင် သေချာစဉ်းစားပြီးပြီလား'
'လက်ထပ်ဖို့ချစ်သူနှစ်ယောက်ဆွေးနွေးတာပဲ ခင်ရယ် ခင်ကသာ စဉ်းစားရမှာ မဟုတ်လား'
အမှန်ကတော့ ခင်က ကျနော့် အကြောင်း သိနေလို့ပါ။ကျနော့် မိဘတွေက လယ်လေးမြေလေး တွေ အတန်အသင့် ရှိပါတယ်။
မိဘတွေက တောင်သူကြီးတွေမို့
လခစားအလုပ်ကို လုံးဝအထင်မကြီးပါဘူး။
ကျနော် ဘွဲ့ရတော့ မယက (ယခု ထွေအုပ်)ရုံးမှာ
စာရေး လုပ်ခွင့် ရခဲ့တာတောင် အဖေ က
'ဘာလုပ်မှာလဲကွာ ငဦးရ
ဒင်းတို့လခ ငရုတ်သီးတစ်တောင်းဖိုးပဲ ရှိတယ်'တဲ့။ အဲလို။
ဆိုတော့ကာ ခင်က ကျနော့်မိဘတွေ သဘောမတူမှာများ တွေးကြောက်နေလေရော့သလားပေါ့။
ဒါပေမယ့်လည်း ကျနော့် မိဘတွေက သဘောတူခဲ့ပါတယ်။
ဆရာမချွေးမလေးကိုလည်း သူတို့ သမီးလေးအရင်း လို ချစ်ပေးခဲ့တာ ခင်လည်း အသိပါပဲ။
💞💞💞💞💞💞💞💞💞💞💞
'မောင်ရေ ခင်ရေချိုးတော့မယ်'
သိတယ်လေ ကျွန်တော်က ခင်ရေချိုးတိုင်း ရေတွင်းကနေ ရေငင်ပေးတတ်တယ်။
ခင်က ဆရာမလေးလေဗျာ။ဘယ်ငင်နိုင်ပါ့မလဲ။
နောက် သူ့မြို့ သူ့အိမ်ဆို ရေမော်တာတစ်ချက် နှိပ်လိုက်တာနဲ့ ဝေါခနဲ ရေတွေ ရတာမဟုတ်လား။
'ရေက စဉ့်အိုးထဲ အပြည့် ဖြည့်ပြီးသား ခင်ရေ
မောင် သနပ်ခါး သွေးထားလိုက်မယ်'
ကျနော့် အသံကြားတော့ အမေက မျက်စောင်းထိုးတယ်။တစ်ဦးတည်းသော သား ကျနော်က အိမ်အလုပ် သိပ်မလုပ်ခဲ့ဘဲနဲ့ မိန်းမနဲ့ကျမှ အကုန် လုပ်ပေးနေလို့ ဖြစ်မယ်။
ခင် က မိန်းမ ပီသသူပါ။
အိမ်မှုကိစ္စ အစစ အရာရာ နိုင်နင်းတယ်။
အမေက သူ့ချွေးမ လက်ရာ ဟင်းလေးတွေ သဘောကျတယ်။အဘ ကလည်း ရေနွေးထဲ လဖက်ခြောက်ခပ်တာတောင် သူ့သမီးချွေးမ ခပ်တာကမှ အစပ်တည့်သတဲ့ဗျာ။
အိမ်နဲ့ကျောင်း ကျောင်းနဲ့အိမ်။
လူးလာခေါက်တုံ့ ကျနော် ကြို ပို့ လုပ်ရတယ်။
ဂုဏ်လည်း ယူတယ်။
အိမ်သူ သက်ထား ဇနီးမယား လှလှလေးဟာ
ရွာရဲ့ အသည်းကျော် ဆရာမလေး မဟုတ်လား။
တချို့က ပြောတယ်
''မောင်ဦးတို့များ ပိုင်ထှာကွာ
ဆရာမလေးကို ရွာကနေ ပြန်ပြောင်းမရအောင် လုပ်ထားလိုက်တာပဲ'' တဲ့။
ကိုယ့်မှာလဲ အဲလို အသံတွေကြားရင် ပီတိတွေ သိပ်ဖြစ်တာကလားဗျ။
ဖီးဆင့်ဘီးလေး ကို ရှေ့ကနင်း၊
ကျနော့်ဇနီးလေး ခင် ကတော့ တစ်လမ်းလုံး သူမကို နှုတ်ဆက်နေတဲ့ ကျောင်းသား/သူလေးတွေကို ခေါင်းလေးတငြိမ့်ငြိမ့်နဲ့
မင်္ဂလာပါ လို့ ပြန်နှုတ်ဆက်နေတတ်ခဲ့ပါတယ်။
💞💞💞💞💞💞💞💞💞💞💞
အိမ်ထောင်သက် ၂နှစ်အကြာမှာ ခင့်မှာ သမီးလေးကိုယ်ဝန် ရှိလာတယ်။
ခင်ဟာ ဗိုက်ဖုံးအင်္ကျီအဖြူလေးကို ဝတ်ကာ
ကျောင်းကို လမ်းလျှောက်ပြီး သွားလာ ခဲ့ပါတော့တယ်။
တောင်သူအလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်းပါစေ။
ကျွန်တော် ခင့်ကို ကျောင်းပို့ မပျက်ခဲ့ပါဘူး။
ခင့်ကို ခလုတ်လေးတစ်ချက်မှ မထိငြိမိစေချင်သလို ဘာစိတ်ဆင်းရဲမှုမျိုးမှ မရှိစေချင်ခဲ့တာပါ။
ခင်ဟာ သိပ်ကို ဆရာမပီသတယ်။
ဗိုက်ကြီးတကားကားနဲ့ ခင်ဟာ စာတွေအော်ဟစ်သင်ဆဲ။
မီးဖွားခွင့် သုံးလကို မမွေးခင်တစ်လခွဲအလိုက ယူရမှာဖြစ်ပေမယ့် ခင် မယူသေးဘူး။
ခင်ဟာ ကျောင်းက ကလေးတွေအတွက် သူ့ခွန် သူ့အား ရှိသမျှ နဲ့ စာသင်ပေးခဲ့သူ။
'အိမ်မှာ တငုတ်တုတ်တုတ်နဲ့ မနေတတ်ပါဘူး မောင်ရယ်' တဲ့။
ခင်ဟာ သမီးလေးကို ကျွန်တော့်အတွက် မွေးဖွားပေးခဲ့တယ်။
သမီးလေးဟာ ကံကောင်းခြင်းတွေယူဆောင်လာလေရော့သလား။ သမီးလေး တစ်နှစ်အရွယ်မှာပဲ ခင် ရာထူးတိုးခဲ့တယ်။
'မူလတန်းကျောင်းအုပ်' တဲ့။
ဒါပေမယ့် ခင် ရာထူးတိုးနဲ့ တာဝန်ကျတဲ့ရွာက အိမ်နဲ့ မိုင်၃၀ကျော် ဝေးတယ်။
သမီးလေးက ငယ်ပေမယ့် ခင်ဟာ သူမ တာဝန်ကို ကျေပြွန်ချင်သူမို့လား။
ခင်မနက်ဆို အစောကြီးထ။
အိမ်အတွက် ထမင်းဟင်း ချက်ပြုတ်။
ရေမိုးချိုး။ခြေဆုံးခေါင်းဆုံး သနပ်ခါးလိမ်းပြီး
သမီးလေးကိုလည်း အလှဆုံးပြင်ဆင်ပေး။
မနက် ၆နာရီခွဲတာနဲ့ သမီးလေးကို ထိုင်ကွင်းလေးထဲ ထည့်ပြီး စက်ဘီးလေးနဲ့ ကျောင်းကို သွားပါတော့တယ်။
ကျွန်တော့် အဖေ အမေ က သူတို့ မြေးလေး နေ့တိုင်းပင်ပန်းနေတော့ အလုပ်ထွက်စေချင်တယ်။
ခင်က မထွက်ချင်ဘူး။
လစာလေး နည်းပေမယ့် ခင်ဟာ သူ့အလုပ်ကို တန်ဖိုးပိုထားပြခဲ့တယ်။
အနီးအနားမဟုတ်တော့ ကျွန်တော်လည်း ကျောင်းလိုက်မပို့နိုင်တော့ဘူး။
လေး ငါးလ ကြာတဲ့အခါ
သမီးလေး မကြာမကြာ ဖျားလာတယ်။
ပင်ပန်းတဲ့ဒဏ်တွေကြောင့် ဖြစ်မယ်။
ကျွန်တော့် အဖေ အမေ က တစ်ဘက်
ခင်က တစ်ဘက် သမီးလေးအတွက်နဲ့
ကတောက်ကဆလေးတွေ ဖြစ်လာတယ်။
လစာလေး နှစ်ပဲတစ်ပြား ရတဲ့ဆရာမအလုပ်ကို ထွက်ဖို့ ဆိုပြီး တွန်းအားပေးလာတယ်။
ခင်က လည်း သူ့ဘဝ သူ့ဝါသနာ သူမြတ်နိုးရာ ဆရာမအလုပ်ကို မစွန့်လွှတ်ခဲ့ဘူး။
ဒီလိုနဲ့ပဲ သမီးလေးကို အိမ်မှာ ထားခဲ့ပြီး
ခင်တစ်ယောက် စက်ဘီးလေးကို နင်း ပြီး
သူမ ရဲ့ကျောင်းကို မပြတ်တက်ခဲ့တယ်။
သမီးလေးကို မနက် တစ်ခါ ညနေ အပြန် တစ်ခါပဲ
နို့တိုက်နိုင်တယ်။
ဒီလိုနဲ့ ဆရာမယောက်ျား ကျွန်တော်ဟာ
နို့ဘူးဖျော်တဲ့နေရာမှာလည်း ကျွမ်းကျင်သူ ဖြစ်လာခဲ့ပါတော့တယ်။
💞💞💞💞💞💞💞💞💞💞💞
'မောင် လစာထုတ် အစည်းအဝေးက ကြာလိမ့်မယ်
မောင်နဲ့သမီးလေး ရုံးရှေ့ လဖက်ရည်ဆိုင်က စောင့်နေပေးနော်'
ဒီလိုရက်တွေဆို အတော်ဆိုးတယ်ဗျ။
မနက် ကိုးနာရီလောက်ကနေ နေ့လည် တစ်နာရီလောက်အထိ။
သူတို့ကတော့ ဘာတွေ ပြောကြတယ်မသ်ိပါဘူးဗျာ။
ကျွန်တော့်မှာတော့ ကလေးတစ်ဖက်နဲ့ လဖက်ရည်ဆိုင်မှာ။
သူများတွေက ပြောတယ်။
'မောင်ဦးရာ တောသူဌေးလုပ်နေပြီး
ခုလို ဒုက္ခတွေ ခံမနေစမ်းပါနဲ့' တဲ့။
တစ်ခွန်းပဲ ကျွန်တော် ပြန်ပြောမိပါတယ်။
'ချစ်တာကိုးဗျ' လို့။
💞💞💞💞💞💞💞💞💞💞💞
'မောင် ဒီနေ့ ရုံးကို ပရိဘောဂစာရင်း တင်ရမှာ'
'မောင်ရေ ခင့်ကျောင်းရှေ့ အုန်းပင်လေးတွေ တန်းစီ စိုက်ချင်တယ် ကလေးတွေက ငယ်တော့
မလုပ်တတ်ဘူးမောင်ရဲ့ မောင် လာစိုက်ပေးအုံးနော်'
'မောင့် သန်ဘက်ခါ ပညာရေးမှူးက ခင့်ကျောင်းကို လာစစ်မှာ
အဲဒါ မောင် သွားကြိုပေးအုံး'
'မောင့် ခင်တို့ ဆရာမတွေ အိမ်သာက ယိုင်နေလို့
အဲဒါ. . .'
ဘာတဲ့။ ကျွန်တော့်ကို ရွာထဲက တချို့က
'ကျွန်ဝယ်ရာ အစစ်ပါ' တဲ့။
ကျွန်တော် စိတ်မဆိုးပါဘူး။
ချစ်တဲ့ခင် ပျော်နေအောင် ပါရမီဖြည့်တယ်ပဲ သဘောထားပါတယ်။
ခင် ဟာ အလုပ်ကြိုးစားတယ်။
စာသင်ကောင်းတယ်။
စာမကျက်ရင် ရိုက်တယ်။
မှတ်မိသေးတယ်။
တစ်ခါတော့ ကလေးတစ်ယောက်ရဲ့ခြေထောက်ကို ကြိမ်လုံးနဲ့ရိုက်မိရာက သွေးထွက်တဲ့အထိ ဖြစ်ပါ
လေရော။
တကယ်က ကလေးရဲ့ခြေသလုံးမှာ အနာက ရှိပြီးသား။ အဲ့ပေါ်ကို ရိုက်မိတော့ သွေးထွက်တာပေါ့ဗျာ။
မိဘက ရုံးတွေထိ တက်တိုင်တယ်။
ခင့်ကို ပညာရေးမှူးက ခေါ်စစ်တယ်။
အဲဒီရွာ ဥက္ကဋ္ဌကလည်း ခေါ်မေးတယ်တဲ့။
ကရုဏာဒေါသော ရဲ့ နောက်ဆက်တွဲတွေပါ။
ခင်ဟာ တစ်သက်လုံး နာမည်ကောင်းရလာပြီးမှ
သူ့မှာ ရုံးရောက် ကန္နားရောက်ဖြစ်ရတယ်ဆိုပြီး
စိတ်အဆင်းရဲကြီး ဆင်းရဲခဲ့ရှာတယ်။
ကျွန်တော်သနားလိုက်တာဗျာ။
ခင့် စိတ်ရင်းအကြောင်း ကျွန်တော်အသိဆုံးပါ။
သမီးလေးကိုလည်း ပိပိရိရိလေး နေတတ်အောင် သင်တတ်သူ ခင်ဟာ
သူများသားသမီးကို အသားလွတ်ကြီးတော့ ရိုက်နှက်ပစ်ခဲ့မှာ မဟုတ်ပါဘူး။
အဲဒီကာလတွေ ကျွန်တော် ခင့်ကို တော်တော် အားပေးခဲ့ရတယ်။
ခင်တစ်ယောက် ကျောင်းသွားခါနီးရင် မျက်နှာ မရွှင်တော့ဘူး။
ကျွန်တော် စိုးမိပါတယ်။
ခင့်ကို ကူညီရတယ်။ ခင့်လက်ထောက် ဆရာ/မတွေကို လည်း အကူအညီတောင်းပြီး အလုပ်ခွင်မှာ ဖေးမ ပေးဖို့ ပြောရတယ်။
အလုပ်တွေ ဝိုင်းကူတယ်။
ပညာရေးမှူးရုံးမှာ အရေးပါတယ်ထင်ရသူမှန်သမျှ ကျွန်တော့် လယ်ထွက်သီးနှံလေးတွေ ခင်မသိအောင် လက်ဆောင်ပေးခဲ့တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
ဆရာမလေးရဲ့ ခင်ပွန်းဟာ ဆရာမလေးအတွက် ပါရမီဖြည့်ရမယ်မလား။
💞💞💞💞💞💞💞💞💞💞💞
'ဒေါ်ခင် (B.A,B.Ed)'
ကျောင်းအုပ်ကြီး
အထက ၁ တောင်တွင်းကြီးမြို့။
ခင့် ရဲ့ တံဆိပ်တုံးလေးဟာ ခန့်ညားလှတယ်။
မှတ်မှတ်ရရ ကျွန်တော်ကိုယ်တိုင် ဘလောက်တုံးစက်ရုံမှာ သွားအပ် သွားရွေး လာခဲ့တဲ့ တံဆိပ်တုံးလေး။
'ဆရာမကြီးဒေါ်ခင် လက်ထက်ကလေ
အရမ်းတိုးတက်ခဲ့တာ'
'စည်းကမ်းလည်းကောင်း ဆရာ/မတွေအားလုံးကိုလည်း စံနမူနာ အဖြစ်နေပြခဲ့တာ'
'သူ့လို ကျောင်းအုပ်ကြီးကတော့ ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူးလေ'
ဒီလိုစကားသံလေးတွေ ကြားရတော့ ကျွန်တော်ပျော်တယ်ဗျာ။
လူကလည်း မနက် ဆို တရားထိုင်ပြီးတာနဲ့
လမ်းထိပ်က လဖက်ရည်ဆိုင် သွားလိုက်ရမှ။
ခင်ကတော့ အဲဒီလို အချိန်ဆို ဘုရားဝေယျာဝစ္စတွေနဲ့ အလုပ်ရှုပ်နေပြီ။
သမီးလေးလည်း ခုဆို ဘီအီးဒီဆင်း ဆရာမ တစ်ယောက် ဖြစ်နေပြီ။
ပင်စင်စားဆရာမကြီး ဒေါ်ခင်။
ခုထိ တော့ ကျွန်တော့်မျက်စ်ိထဲမှာ ဆရာမလေး ပါပဲ။
အလိုမကျတာရှိရင် ပူညံပူညံလေး လုပ်လာတတ်တာက လွဲရင် ခင်ဟာ ချစ်စရာကောင်းနေဆဲ။
ခင့် ကေသာဟာ အဖြူရောင် ဖြစ်နေပြီ။
အရင်က စက်ဘီးနောက်ကလိုက်ရင်း ဖက်ခဲ့တဲ့ လက်လေးတွေ ခုဆို အရေတွေ တွန့်နေပြီ။
တစ်သက်လုံး လုပ်ငန်းခွင်မှာ အော်လိုက် ဟစ်လိုက်နဲ့
ခင်ဟာ ကျွန်တော့်ထက် ပိုအိုစာနေရှာတယ်။
ဒါပေမယ့် ကျွန်တော့် မျက်လုံးထဲ လှပါတယ်။
ဆန်စက်လုပ်ငန်းလေးကို
ယုံကြည်ရတဲ့ တူတော်မောင်နဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ကျတော့်ဟာ အခုတော့ ကျွန်တော့်အမျိုးသမီးဆရာမလေး အနား အေးချမ်းစွားနေနေပါတယ်။
အသက်ခြောက်ဆယ် မှပဲ ခင်နဲ့အတူ တစ်ရက်မှာ၂၄ နာရီအပြည့် နေနိုင်တော့တယ်။
ပြန်တွေးတိုင်း ခင်နဲ့အတူမနေခဲ့ရတဲ့အချိန်တွေကို နှမြောမိပါတယ်။ ဒီလိုနဲ့ပဲ ဘဝနေဝင်ချိန်တောင် ရောက်လာပါပေါ့လား။
အင်းလေ. . .
ကျွန်တော်က ဆရာမ ယောက်ျား မဟုတ်လားဗျ။ :)
(ပညာရေးဝန်ထမ်းများ၏ ဒုက္ခကူဖော် ပါရမီဖြည့်ဘက်များကို ဦးညွှတ်လျက်)
ကောင်း (မန္တလေး)
22/8/17-tue- 07:10 am
Credit- Post
No comments:
Post a Comment