အမေ့ဆေးဖိုး …
ဘယ်လောက်ကျလဲဟင် ဆရာလေး - တဲ့ ။
တုန်ရီနေတဲ့လက်တွေနဲ့
ချွေးခံအင်္ကျီထဲက ပိုက်ဆံလိပ်ကလေးကို နှိုက်ပြီး
မဝံ့မရဲ မေးလိုက်တဲ့ စကားတစ်ချို့ဟာ
သွားမရှိတော့တဲ့ နှုတ်ခမ်းဖျားတွေဆီကနေ
ဒလိမ့်ခေါက်ကွေး လိမ့်ဆင်းခုန်ပေါက်
ဆေးပစ္စည်းတွေ တင်ထားတဲ့ စားပွဲပေါ်ကို
ဒေါက်ခနဲ ကျသွားတယ် ။
ကေသရာဇာခြင်္သေ့မင်းတံဆိပ်ကို
ရင်ညွန့်မှာ တပ်ထားတဲ့ ဆရာဝန်လေးက ပြုံးတယ် ။
တစ်ချို့စကားတွေဟာ
စကားနဲ့ပြန်တုံ့ပြန်ရမှန်း
တချို့စကားတွေကျတော့
မျက်လုံးနဲ့ပြန်တုံ့ပြန်ရမှန်း သူ သိတယ်ထင်ပါရဲ့ ။
နားကျပ်ကလေးကိုခေါက်သိမ်း
သူ့ကို ငေးနေတဲ့ အမေအိုရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး
အကြင်နာစကားတွေ အားအပြည့်နဲ့ပြောချလိုက်တယ် ။
အသပြာအတွက်လာရင်တော့
အသပြာတွေကုန်ကျမှာပေါ့ အမေရယ်
စေတနာနဲ့လာတာဆိုတော့
စေတနာတွေ မေတ္တာတွေကုန်ကျပါတယ်
ဆေးဖိုးအတွက် …
အမေပေးနိုင်သမျှ မေတ္တာတွေ ပြန်ပေးခဲ့ပါ - တဲ့ ။ ။
ဇေယျကျော်ထင်
No comments:
Post a Comment