Saturday, August 3, 2019

၂၀၀၈/ခြေဥ ရေးဆွဲခဲ့သော ပုဂ္ဂိုလ်များ စာရင်း

၂၀၀၈/ခြေဥ ရေးဆွဲခဲ့သော ပုဂ္ဂိုလ်များ စာရင်း
➿➿➿➿➿➿➿➿➿➿➿

၁။ဦးအောင်တိုး B.A,B.L တရားသူကြီးချုပ်
၂။ဦးအေးမောင် B.A,B.L ရှေ့နေချုပ်
၃။ဦးသောင်းညွန့် B.Sc ,BL
၄။ဗိုလ်မှူးချုပ် ကျော်ဆန်း
၅။ဗိုလ်ချုပ် ခင်အောင်မြင့်
၆။ဗိုလ်ချုပ်စိုးမောင် H.G.P,M.A
၇။ဒေါက်တာ သန်းညွန့်P.HD Cambridge
၈။ဒေါက်တာ ထွန်းရှင် M.A Landon ,LL.D
Belgium FRGS London
၉။ဦးထွန်းထွန်းဦး LL.B,M.A
၁၀။ဦးသိန်းစိုး RL
၁၁။ဦးထွန်းထွန်းဦး LL.B
၁၂။ဒေါက်တာ တင်အောင်အေးLLM.LLD Germany
၁၃။ဦးတင်အေး BA HGPRL
၁၄။ဒေါက်တာ ခင်မောင်ညွန့်PHD Landon
၁၅။ဦးထွန်းအောင်ချိန် BA MA His USA
၁၆။ဒေါက်တာမောင်မောင်ဝင့်
MBBS MRCP UK ပါချုပ် ဆေးတက္ကသိုလ်
၁၇။ဦးကျော်မြင့်ဦး BSC MSC UNDP ပါချုပ်ငြိမ်း
၁၈။ဦးမြတ်သူ တက္ကသိုလ်မြတ်သူ LLP HGP
၁၉။ဒေါက်တာစိုးရင် PHD Italy ပါချုပ်ငြိမ်း
၂၀။ဦးလေးမြင့် M.A( Philo), HGP, RL
၂၁။ဒေါက်တာ မျိုးသန့်တင် PHD London
၂၂။ဒေါက်တာမြင့်သိန်း PHD USA
၂၃။ဒေါက်တာသာလှရွှေ
MBBS DPTM DCMT UK ပါချုပ် ငြိမ်း ဆေး ၂
၂၄။ဒေါက်တာ နီလာသိန်း PHD Singapore ပါချုပ်
၂၅။ဦးတီခွန်မြတ် LL.B
၂၆။ဒေါက်တာခင်ဇော် PHD Moscow
၂၇။ဦးသန်းကျော် LL.B
၂၈။ဒေါက်တာတင်မေထွန်း PHD Myanmar
၂၉။ဒေါက်တာ ခင်မာရီ PHD Myanmar
၃၀။ဦးစံလွင် ညွှန်ချုပ်ငြိမ်း
၃၁။ဒေါက်တာခင်ဖုန်းမြင့်ကြူ
PHDCivil Law family Law
၃၂။ဦးထွန်းအောင် LLB
၃၃။ဒေါ်မေရီမီနန် LLB
၃၄။ဦးစိုင်းမောင်ရီ B Com HGP
၃၅။N ဇော်နော် LLB
၃၆။ဦးဆင်ရမ် LLB
၃၇။ဦးတိုးရယ် LLB
၃၈။ဦးစောအောင်ကျော်မင်း LLB
၃၉။ဦးဟောက်ခန့်မှန် LLB
၄၀။ဦးရှီသီး BSC BED
၄၁။ဦးညွန့်တင် HGP
၄၂။ဦးသာလှ LLB
၄၃။ဦးစိုက်းခမ်းမှတ် HGP
၄၄ဦးညွှန့်မောင် BA Zoo
၄၅။ဦးဆိုင်းပေါင်းနပ်HGP
၄၆။ဦးပီတာသောင်းစိန် LLB DC SC
၄၇။ဦးစတီဗင် HGP
၄၈။ဦးစိုင်းကျော်ဇံ LLB DCSc
၄၉။ဦးညီနပ် DS Phy:
၅၀။ဦးစိုင်းတက်ဆိုင် LLB
၅၁။ဦးခွန်ဆန်းရွှေ LLB
၅၂။ဦးငွေစိုး LLB
၅၃။ဒေါက်တာသောင်းမြင့် MBBS MSC
၅၄။ဦးဝင်းကို LLB LLM

#အထက်ပါပုဂ္ဂိုလ်များသည်
၂၀၀၈/ခြေဥကို ရေးဆွဲခဲ့သော ပုဂ္ဂိုလ်များ ဖြစ်သည်
က​လေကဝသူငယ် နှပ်စား
တစ်ယောက်မှမပါ...

credit.
#မှတ်ချက်/ဥပဒေနှင့်အညီ ပြင်ဆင်ခွင့်ရှိသော
အရာများသာ ပြင်ဆင်ခွင့်ရှိသည်"

.

Friday, August 2, 2019

ရခိုင်လူမျိုုး ပေါ်ပေါက်လာပုံ"

"
***************************
ရခိုင်လူမျိုးတို့ သည် ၎င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ
ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခ်ိုင်လူမျိုးတို့ဖြစ်သည်။

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

ရခ်ိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။

ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့့အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ဝင်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတဝိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ဝင်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇဝင်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓညဝတီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓညဝတီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။

ရခိုင်ကမ်း ရိုးတန်းဒေသတဝိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓညဝတီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ ီရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်

ဘာသာရေး
ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။

ဝတ်စားဆင်ယင်မှု

ရခိုင်လူမျိုးများသည် မြန်မာန်ိုင်ငံ အနောက်မြောက်ပ်ိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုတွင် အစဉ်အလာ ကြီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကိုရိုးရာပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ကြသည်။အမျိုးသမီးများသည်ဇာပုဝါကိုရင်စလွယ်သိုင်းပြီးကော် လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၅ မှ ၁၈ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြ်ို့တွင်လေ့လာ နိုင်သည်။

စာပေ သမိုင်းကြောင်း

ရခိုင် စာပေသည် ဓညဝတီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓညဝတီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓညဝတီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင် ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။ လောင်းကြက်တောင်မော် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ကျော်ကြားသည်။

မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-

အောက်အာကာဗွီ၊ ဝါယောထွီ၍

ရီထက်ကားမြီ၊ မြီထက်လီနှင့်

ပထဝီဟု၊ ထူထု နှစ်သိန်း၊

လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ

ညီစွာဝန်းလည်၊ ကျောက်တိတည်ကား

ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် တို့ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။

ရခိုင်ခေတ်များ
* ဝါသုဒေဝညီနောင်တကျိပ်တို့တည်ထောင်သော ဒွါရာဝတီခေတ် )

* ပထမ ဝေသာလီခေတ် သက္ကရာဇ် ၅၃၁၆ မှ ၃၃၂၅ BCE အထိ၊ )

* ပထမ ဓညဝတီခေတ် သက္ကရာဇ် ၃၃၂၅ မှ ၁၅၀၇ BCE အထိ၊ )

* ဒုတိယ ဓညဝတီခေတ် သက္ကရာဇ် ၁၅၀၇ မှ ၅၈၀ BCE အထိ၊ )

* တတိယ ဓညဝတီခေတ် သက္ကရာဇ် ၅၈၀ BCE မှ ၃၂၇ ADE အထိ၊ )

* ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ ADE အထိ၊ )

* လေးမြို့ခေတ် သက္ကရာဇ် ၈၁၈ မှ ၁၄၃၀ ADE အထိ၊ )

* မြောက်ဦးခေတ် သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄ ADE အထိ၊ )

ရခိုင်ပြည်နယ်ရှိမြို့များ

ပြည်နယ်မြ်ို့တော် စစ်တွေ

အကျယ်အဝန်း ၁၄၂၀၀ စတုရန်းမိုင်ခန့်

လူဦးရေ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)

ခရိုင် ၅ ခရိုင်

မြ်ို့နယ် ၁၇ မြို့နယ်

ကျောက်တော်မြို့

ကျောက်ဖြူမြို့

ဂွမြို့

စစ်တွေမြို့

တောင်ကုတ်မြို့

ပုဏ္ဏားကျွန်းမြို့

ပေါက်တောမြို့

ဘူးသီးတောင်မြို့

မာန်အောင်မြို့

မောင်တောမြို့

မင်းပြားမြို့

မြေပုံမြို့

မြောက်ဦးမြို့

ရသေ့တောင်မြို့

ရမ်းဗြဲမြို့

သံတွဲမြို့

အမ်းမြို့

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ

၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊ တရားဝင် အသိအမှတ်ပြုထားသော၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သည့် ရခိုင်ပြည်နယ်မှ လူမျိုး နှင့် မျိုးနွယ်စု (၇) မျိုးမှာ အောက်ပါ အတိုင်း ဖြစ်သည်။

1. ရခိုင်လူမျိုး
2. ကမန် မျိုးနွယ်စု
3. ခမီ မျိုးနွယ်စု
4. ဒိုင်းနက် မျိုးနွယ်စု
5. မရမာကြီး မျိုးနွယ်စု
6. မြို မျိုးနွယ်စု
7. သက် မျိုးနွယ်စု
ရည်ညွှန်းကိုးကား

ရခိုင်ရာဇဝင် ။ အောင်သာဦး

စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇဝင်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု

အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅

မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)

မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။

#Credit.. ရခိုင်သတင်းစုံ

Wednesday, July 24, 2019

လူတစ်ယောက်ရှိခဲ့ဖူးတယ်။

မောင်နုတဲ့။

မောင်နုဟာ ငယ်ငယ်တုန်းကအလိုလိုက်ခံရလို့ အင်မတန်ရိုင်းတယ်။ဆိုးတယ်။ခိုးတယ်။အရက်သောက်တယ်။မိန်းမကိစ္စလိုက်စားတယ်။

ဒါပေမဲ့ အသက်အရွယ်တစ်ခုကိုရောက်လာတဲ့အခါမှာတော့ ဘာသာတရားနဲ့ထိတွေ့နိုင်ခဲ့လို့ သူမတူအောင် ပြောင်းလဲသွားခဲ့တာပေါ့။

ဘယ်လောက်ထိပြောင်းလဲသွားခဲ့လဲဆိုရင် လမ်းလျှောက်ရင်တောင် အကောင်လေးတွေကိုနင်းမိမှာစိုးရိမ်လွန်းလို့ ခေါင်းကိုငုံ့ပြီးပဲလျှောက်လေ့ရှိတဲ့အထိဖြစ်သွားတယ်။

ဒါကြောင့်သူဟာ မွေးကတည်းက သူမတူ ထူးခြားတဲ့သူတစ်ယောက်ပဲ။

~~~~~~~~~~~~~~~~~~~~~

ကိုနုဟာ နိုင်ငံရေးကိုဝါသနာမပါခဲ့ဘူး။

ကိုနုရဲ့ဝါသနာက စာတွေရေးချင်ရေးမယ်။

ဒါမှမဟုတ် တစ်ချောင်ချောင်မှာ တွေးစရာတွေတွေးနေချင်တယ်။ဆွေးစရာရှိဆွေးနေချင်တယ်။ငေးချင်တာလည်းငေးနေမှာပဲ။

အေးအေးဆေးဆေးပဲနေချင်သူ တစ်ယောက်ပေါ့။

လူတိုင်းနီးပါးလိုချင်တဲ့ အမိန့်တွေအာဏာတွေကိုလည်း သူလုံးဝ မမက်မောဘူး။

ဒါပေမဲ့ သူက လူတင်ထူးခြားတာမဟုတ်ဘူး။
သူ့ရဲ့အကျိုးပေးကလည်း ထူးခြားဆန်းကြယ်တယ်လိုပြောရလိမ့်မယ်။

ကျောင်းသားဘဝကတည်းက ကျောင်းသားသမဂ္ဂ မှာ နေရာရပြီး ခေါင်းဆောင်ဖြစ်ခဲ့ရတယ်။

ဒါတင်မကသေးဘူး။

တစ်နေ့မှာ တို့ဗအစည်းအရုံး ဝင်ဖို့ ကိုနု ကို ကိုအောင်ဆန်း ဆိုတဲ့ လူတစ်ယောက်က လာပြောတယ်။

သိတဲ့အတိုင်း ကိုနုဟာ အေးဆေးတဲ့နေထိုင်မှုကိုသာကြိုက်တဲ့ အတွေးသမား တစ်ယောက်မဟုတ်လား။

ဒါကြောင့် ကိုအောင်ဆန်းဆိုတဲ့သူ့မိတ်ဆွေကို ကိုနုက ငြင်းတယ်။

ကိုအောင်ဆန်းဆိုတဲ့လူငယ်ကလည်း ဇွဲကောင်းကောင်းနဲ့ မရမကတိုက်တွန်းနေပြန်တယ်။

ကိုနုကလည်း ဘယ်လောက်ထိ ကိုအောင်ဆန်းကိုပြန်ငြင်းလည်းဆိုရင်...

"ဒီလိုလုပ်ကွာ။ မင်းတို့နိုင်ငံရေး ဝါသနာပါတဲ့လူတွေဝင်၊မင်းတို့မှာတိုက်ပွဲတခုခုဝင်စရာရှိရင် ငါ့ကိုခေါ်လိုက်။ ငါဝင်တိုက်ပေးမယ်။အဲလိုတိုက်တုန်းသေသွားရင်လည်းပြီးရော။မသေသေးရင် ငါ့ကိုပြန်ပြီး ငေးနေ၊ တွေးနေ၊ ရေးနေနိုင်အောင်ပြန်လွှတ်ပေး။ရာသက်ပန်နိုင်ငံရေးသမားတော့မလုပ်ပါရစေနဲ့ကွာ''

ဒါပေမဲ့ ကိုအောင်ဆန်းရဲ့ ဇွဲကောင်းကောင်းမရမကပြောနေတာကြောင့်ရော ကိုနုရဲ့ ထူးဆန်းတဲ့ကံအကျိုးပေးအရကြောင့်ရောထင်တယ်။

တိုတိုပြောရင် နောက်ဆုံးတော့ ကိုနုဟာ တို့ဗမာ အစည်းအရုံးဝင်ဖြစ်သွားခဲ့ရတယ်။

နိုင်ငံရေးဝါသနာမပါရှာတဲ့ ကိုနုဟာ အလိုလိုနေရင်းသခင်နုဖြစ်သွားရတယ်။

သူ့ကိုတိုက်တွန်းတဲ့ ကိုအောင်ဆန်းဟာလည်း သခင်အောင်ဆန်းဖြစ်သွားတာပေါ့လေ။

~~~~~~~~~~~~~~~~~~~~~~

သခင်နုမှာ အားသာချက်တစ်ခုတော့ရှိတယ်။

အဲဒါဘာလဲဆိုတော့ သူဟာ နိုင်ငံရေးကိုမလုပ်ချင်ဘူးဆိုပေမဲ့ တကယ်လုပ်သင့်ပြီဆိုရင်လည်း တာဝန်ကျေရုံသာမဟုတ်ဘဲ စေတနာအပြည့်နဲ့ အရိုးကြေကြေ အရည်ခမ်းခမ်းလုပ်တတ်တယ်။

မကြာခင် ကိုအောင်ဆန်းဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး ဖြစ်လာခဲ့တယ်။

ပြီးတော့ နှစ်အနည်းငယ်အတွင်းမှာ အင်္ဂလိပ်ကလည်း မြန်မာနိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ လွတ်လပ်ရေး လွှဲပေးဖို့သေချာနေပြီ။

စကားမစပ် သခင်နုဟာ ဗိုလ်ချုပ်အောင်ဆန်းထက် အသက်ကြီးတယ်။

ဒါကြောင့်ဗိုလ်ချုပ်အောင်ဆန်းဟာ သခင်နုကို လေးလေးစားစား "ကိုကြီးနု"လို့ ခေါ်ဝေါ်သုံးနှုန်းလေ့ရှိတယ်။

" ကိုကြီးနု ကျွန်တော်တို့ နိုင်ငံလွှတ်တော်အတွက် နာယကအဖြစ်တာဝန်ယူပေးပါ "

သိတဲ့အတိုင်း သခင်နုဟာ နေရာတွေရာထူးတွေကိုသဘောမကျဘူးမလား။

ဒါကြောင့် "မလုပ်ပါရစေနဲ့"ဆိုပြီးဗိုလ်ချုပ်ကိုငြင်းလိုက်တယ်။

~~~~~~~~~~~~~~~~~~~~~~

တစ်ခုသောနေ့မှာ...

လွတ်လပ်ရေးအတွက်ကြိုးစားကြရင်း မမျှော်လင့်ပဲ ဗိုလ်ချုပ်ဟာ လုပ်ကြံခံရလို့ ကွယ်လွန်သွားရှာတယ်။

အပေါ်မှာပြောခဲ့သလို သခင်နုရဲ့ ကံကြမ္မာက ထူးဆန်းတယ်။

ကြည့်နော်။

တို့ဗမာအစည်းအရုံးကိုတောင် မဖြစ်မနေမို့ မဝင်ချင်ဝင်ချင်ဝင်ခဲ့ရတဲ့ သခင်နုဟာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့အတွက် တိုင်းပြည်ကို မဖြစ်မနေစောင့်ရှောက်အုပ်ချုပ်ရတော့တယ်။

ဒီလိုနဲ့ မထင်မှတ်ဘဲသခင်နုဟာ  မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနုဖြစ်လာခဲ့တယ်။

ဒါကြောင့်စာနယ်ဇင်းပညာရှင်တွေက ဦးနုကို ရာဇပလ္လင်ဖင်ကပ်ပါတဲ့သူလို့ ရေးလေ့ရှိကြတယ်။

~~~~~~~~~~~~~~~~~~~~~

ဝန်ကြီးချုပ်ဖြစ်လာလို့သာယာတယ်တော့ မယူဆလိုက်ပါနဲ့။

မြန်မာနိုင်ငံမှာရှိတဲ့ အင်္ဂလိပ်ကိုလိုနီ ထွက်သွားပြီး ဝန်ကြီးချုပ်ဦးနုအုပ်ချုပ်တဲ့ ကာလမှာ မြန်မာတစ်နိုင်ငံလုံးကရောင်စုံသောင်းကျန်းသူ တွေနဲ့ ကွန်မြူနစ်တွေဟာ တနေ့တခြားထကြွလာတယ်။

အခြေအနေကလည်း တော်တော်ဆိုးတယ်။

ဘယ်လောက်ထိဆိုးလဲဆိုရင် နောက်ဆုံး အစိုးရလက်အောက်ခံရဲဘော်စစ်သားတွေကအစ ကွန်မြူ နစ်တွေ/သောင်းကျန်းသူတွေနဲ့ပူးပေါင်းလိုက်ပြီး သူတို့ပါအစိုးရကိုပုန်ကန်သူတွေဖြစ်သွားကြတယ်။

ဒါတင်မကဘူး။ သူတို့တွေအတွက်အစိုးရကပေးထားတဲ့ /တပ်ဆင်ပေးထားတဲ့ အစိုးရပိုင်လက်နက်တွေကိုပါ အပိုင်ယူယူသွားကြတာ။

အဲဒီတော့ အစိုးရက လိုအပ်တဲ့နေရာတွေကို လက်နက်တပ်ဆင်ထားတဲ့ရဲဘော်တွေထပ်ပို့လိုက်/ အဲဒီရဲဘော်တွေကလည်း ပုန်ကန်သူတွေနဲ့ပူပေါင်းသွားလိုက်နဲ့နောက်ဆုံး ဦးနုအစိုးရအဖွဲ့မှာ ရဲဘော်အင်အား လက်နက်အင်အား ဘာဆိုဘာမှမရှိတော့သလောက်ဖြစ်သွားတယ်။

ဦးနုလည်း သမင်မွေးရင်း ကျားစားရင်းအခြေအနေတွေနဲ့ပဲ ဆက်တိုက်ကြုံနေတော့တာပေါ့။

ဒီကြားထဲ အစိုးရအဖွဲ့ဝင်ထဲက အရာရှိ အရာခံလူကြီးတွေကလည်း အခြေအနေမဟန်တော့တဲ့အခါ နှုတ်ထွက်ကုန်ကြပြီ။

ဦးနုလည်း အကောင်းဆုံးကြိုးစားရှာတယ်။

နောက်ဆုံး တပ်သားတွေရော လက်နက်တွေပါ ဘာမှမရှိသလောက်ဖြစ်သွားတယ်။

ဒါကြောင့် ဦးနုရဲ့ဝန်ကြီးချုပ်အိမ်တော်ကိုပါ ဘယ်အချိန်တက်သိမ်းခံရမလဲလို့ တွေးနေရတော့မဲ့အခြေအနေအထိဖြစ်လာတယ်။

မျက်စိထဲမြင်အောင်ပြောရရင် ဘုရားပွဲဈေးကသစ်သားဓားနဲ့ ဓားအစစ်ကိုပြိုင်ခုတ်ရသလိုပဲ။

အစိုးရအဖွဲ့ကသစ်သားဓား ပုန်ကန်သူတွေအဖွဲ့ကဓားအစစ်ပါ့။

အစိုးရအဖွဲ့ကြီး လဲပြိုမှာနေ့လား ညလား ဖြစ်လာတယ်။

~~~~~~~~~~~~~~~~~~~~~~

ဒါပေမဲ့ ဝန်ကြီးချုပ်ဦးနုဟာ အရှုံးမပေးဘူး။

အဲဒီအချိန် အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံအတွက်ကယ်တင်ရှင်ပဲ။

အိန္ဒိယနိုင်ငံကအကြီးအကဲတစ်ဦးဖြစ်တဲ့ မစ္စတာ နေရူးက ဦးနုအတွက် လက်နက်တွေ ကူညီပံ့ပိုးပေးတယ်။

ဒါပေမဲ့ ပံ့ပိုးသမျှ လက်နက်တွေရောလူတွေရောထုံးစံအတိုင်း သောင်းကျန်းသူတွေဘက်ပါသွားပြန်ရော။

ဒီနေရာမှာ မြန်မာနိုင်ငံနဲ့ ဦးနုအပေါ် အိန္ဒိယနိုင်ငံအကြီးအကဲ မစ္စတာ ပန်ဒစ်နေရူးရဲ့မိတ်ဆွေပီသစိတ်နဲ့ကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောရမယ်။

ဦးနုအစိုးရအဖွဲ့အတွက် မစ္စတာနေရူးက လက်နက်တွေတစ်ခါထပ်ပြီးကူညီလိုက်ပြန်တာပေါ့။

~~~~~~~~~~~~~~~~~~~~~

ဝန်ကြီးချုပ်ဦးနုဟာ မကြာခဏပြည်တွင်းလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့တွေ့တယ်။ညှိုနှိုင်းတယ်။ မေတ္တာစကားတွေပြောပြီး ကြိုးစားတယ်။

ဦးနုနေရာမှာသာ တခြားလူဆိုရင် သိပ်ပင်ပန်းလွန်းလို့အရှုံးပေးမိလိုက်တော့မှာပဲ။

ဦးနုဟာ အင်မတန် ပင်ပန်းနေပေမဲ့ သူ့ညီလေးလိုဖြစ်နေတဲ့ ကွယ်လွန်သူဗိုလ်ချုပ်အောင်ဆန်းရဲ့တိုင်းပြည်ကောင်းစားရေးဆန္ဒကို ဆက်လက်အကောင်အထည်ဖော်ပေးချင်စိတ်နဲ့ရော သူ့ရဲ့တိုင်းပြည်အပေါ်စေတနာကောင်းထားတဲ့စိတ်နဲ့ရောကြောင့် ဘုရင့်နောင်ဖောင်ဖျက်သလို မရမက ဆက်ကြိုးစားတယ်။

ဂျပန်နဲ့အင်္ဂလိပ်စစ်ကျန်ခေတ်က လက်နက်တွေကိုပါ ကိုယ့်နည်းကိုယ့်ဟန်ပြု ပြင်ကြပြီး ရှိတဲ့လက်နက်လေးတွေနဲ့ပူးပေါင်းရင်း ဘာအင်အားမှ အပြည့်အဝမရှိရှိတဲ့ကြားက မရမကကြိုးစားခဲ့တယ်။

သူ့ဆန္ဒကို သူ့ရဲ့ဇွဲနဲ့ကံတရားက ကူညီပေးတယ်ထင်ရဲ့။

အတိုချုပ်ရင် ဘယ်လိုမှ မရနိုင်တော့ဘူးထင်နေကြတဲ့ ဦးနုအစိုးရ အဖွဲ့ဟာ အနိုင်ရသွားပြီး တိုင်းပြည်ကိုပြန်တည်ငြိမ်စေခဲ့တယ်။

ဦးနုဟာ အစောကြီးထဲက အရှုံးပေးလိုက်ရင် သူအခုလိုအနိုင်ရမှာမဟုတ်ဘူး။

~~~~~~~~~~~~~~~~~~~~~~

သောင်းကျန်းသူတွေကိုကျော်လွှားပြီး တဖြည်းဖြည်း အစစအရာရာ ငြိမ်းချမ်းစပြုလာတဲ့အခါ ကျန်းမာရေး ပညာရေး  စီးပွားရေး သံတမန်ရေးကအစ အစစအရာရာကို ဦးနုတစ်ယောက်တော်တော်အားစိုက်ကြိုးစားရပြန်တယ်။

နလန်ထခါက မြန်မာနိုင်ငံမှာ အဓိက လိုအပ်ချက်တွေများစွာရှိတယ်။

အဲဒီထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုကလည်း အဓိကတစ်ခုပါပဲ။

ပြည်ထောင်စုကြီးဟာ နလန်ထခါစ ဖြစ်တော့ ဘာဆိုဘာမှလုံလုံလောက်လောက်မရှိဘူး။

ဆရာဝန်တွေသူနာပြုတွေလည်း လုံလုံလောက်လောက်မရှိဘူး။

ဆရာဝန်တစ်ယောက်ကိုမွေးထုတ်နိုင်ဖို့ ဆယ်စုနှစ် တစ်ခု နီးပါးကြာမယ်ဆိုတော့ ဆရာဝန်တွေအပြည့်အဝလုံလောက်အောင်မမွေးထုတ်နိုင်သေးခင် ဒီကြားထဲကကာလတွေမှာဆရာဝန်မလုံလောက်မှုကြောင့် ပြည်တွင်းကလူနာတွေသေဆုံးဒုက္ခရောက်ကြရမှာကို ဦးနုတွေးပြီး စိတ်လေးမိတယ်။

ဒါ့အပြင် ဦးနု နယ်တစ်နယ်ကိုသွားပြီး နယ်သူနယ်သားတွေကိုဘာလိုအပ်လဲမေးတိုင်းဆေးပေးခန်း နဲ့ ကလေးတွေကိုစာသင်ပေမဲ့ ဆရာဆရာမလို့တောင်းဆိုကြတာချည်းများကြတယ်။

လွတ်လပ်ရေးရခါစ အရာရာရှားပါးနေချိန်မှာ ဆရာဝန်နဲ့ စာသင်ကြားပေးမည့်ဆရာဆရာမများဟာလည်း တိုင်းပြည်အတွင်းက လူဦးရေနဲ့စာရင်အတော်နည်းတယ်ပြောရပါမယ်။

ဒါကြောင့် ပညာရှင်တွေနဲ့တိုင်ပင်တယ်။

တကယ်လည်းဆေးပညာတတ်မြောက်ရမယ်။အချိန်တွေလည်း မူလလောက်မကြာတော့အောင်အမျိုးမျိုး ကြိုးစားတယ်။

ဟော နောက်ဆုံးအောင်မြင်နိုင်ခဲ့တယ်။

ဒီလိုပဲ။

ပညာရေးဆိုင်ရာ ဆရာဆရာမတွေပေါ်ထွက်ဖို့လည်းလောလောဆယ်စာသင်ပေးနိုင်ဖို့အတွက် လုပ်သင့်တာအရင်လုပ်ဖို့စီစဉ်ပြီး တဖြည်းဖြည်းစနစ်ကျတဲ့ ပညာရေးဆရာဆရာမတွေ ပေါ်ထွက်ဖို့ကြိုးစားရင်းလုပ်ဆောင်နိုင်ခဲ့တယ်။

ပညာရေး စီးပွားရေး စိုက်ပျိုးရေးကအစ နလန်ထမြန်မာနိုင်ငံမှာ အမြန်ဆုံးတိုးတက်ဖို့ ပင်ပင်ပန်းပန်းကြိုးစားတယ်။

တခါတလေ မအောင်မြင်တာရှိသလို အောင်မြင်တာတွေလည်းများတယ်။

ဘယ်လိုဖြစ်ဖြစ် အဆင်မပြေပြေအောင် လုပ်ဆောင်ရင်း တိုင်းပြည်ကိုနလန်ထဘဝကနေ အကောင်းပကတိဖြစ်စေတယ်။

~~~~~~~~~~~~~~~~~~~~~

ဦးနုဟာ ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလမှာတောင်နိမ့်ပါးနေတဲ့ဗီယက်နမ်နိုင်ငံအတွက် ငွေကြေးအကူအညီပေးခဲ့ဖူးတယ်။

ဒါကြောင့် နောက်ပိုင်းဦးနု ဗီယက်နမ်ကို သွားတဲ့အခါဗီယက်နမ်သမ္မတဟိုချီမင်းက တိုင်ကြားထဲမှာပုန်းနေပြီး ဦးနုဝင်လာတဲ့အခါမှ ကလေးလေး တစ်ယောက်လိုထွက်ပြီး ဝါးခနဲအော်ရင်း ဖက်နမ်းတဲ့အထိ ဦးနုဟာ အချစ်ခံခဲ့ရတယ်။

တစ်ခါတစ်ရံ ဇွတ်တရွတ်လုပ်တတ်တဲ့အကျင့်လေးလည်းငယ်ငယ်ကလိုဦးနုမှာပြန်ပြန်ပေါ်လာတတ်တယ်။

အဲဒီစိတ်ကြောင့်တစ်ခါတစ်ရံ ကိုယ်နဲ့မဆိုင်လည်း မတည့်ကြတဲ့နိုင်ငံတွေအကြား အမုန်းခံဖျန်ဖြေပေးတတ်သေးတယ်။

ဒါကြောင့် ဦးနုနဲ့ မြန်မာနိုင်ငံဟာ နိုင်ငံများအကြားဂုဏ်ရှိရှိ ရပ်တည်နေနိုင်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~

ဦးနုဟာ ဆိုးသွမ်းပေတေတဲ့ အဖြစ်ကနေ အခုလိုလူကောင်းတစ်ယောက်ဖြစ်ခဲ့ရသူဆိုတော့ သူဟာ ဘာသာရေးကိုလည်း ဘယ်တော့မှ မမေ့ဘူး။

နိုင်ငံခြားကို အလုပ်သဘောခရီးစဉ်တွေသွားတဲ့အခါမှာတောင် ရောက်ရာအရပ်ကနေ ရတနာ(၃)ပါးကို မမေ့မလျော့ပူဇော်တယ်။

ဘယ်လောက်ထိ သဒ္ဒါတရားကောင်းလဲဆိုရင် နိုင်ငံခြား ရောက်လို့ သောက်တော်ရေ ဆွမ်းစသည်ဖြင့် ရည်မှန်းကပ်လိုတဲ့အခါ အဲဒီနိုင်ငံက လာပေးတဲ့ခွက်တွေ ပန်းကန်တွေ နဲ့ အသုံးအဆောင်တွေကို သုံးတာ သူ့စိတ်ထဲမချမ်းမြေ့ဘူး။

ဘာကြောင့်လဲဆိုတော့ အဲဒီပန်းကန်တွေ ခွက်တွေ နဲ့အသုံးအဆောင်တွေဟာ အရက်ဘီယာထည့်ဖူးပြီးသားဖြစ်နေမှာစိုးရိမ်နေတယ်။

ဒီလိုမသန့်ရှင်းတဲ့ ပစ္စည်းတွေနဲ့ ရတနာ(၃)ပါးကိုမပူဇော်လိုဘူးလေ။

ဦးနုဟာ ဒါကြောင့်ပဲ နိုင်ငံခြားခရီးသွားတိုင်း သန့်သန့်ရှင်းရှင်း ဖြစ်အောင်ရတနာ(၃)ပါးကို ပူဇော်ဖို့ သီးသန့်ပစ္စည်းလေးတွေယူသွားလေ့ရှိတယ်။

~~~~~~~~~~~~~~~~~~~~~

ဦးနုအတွက် သစ်တောရေးရာဝန်ကြီးဋ္ဌာနကနေ သစ်သားလက်ဆွဲသေတ္တာတစ်လုံးစီစဉ်ပေးထားတယ်။

ဒီသေတ္တာထဲမှာ ရတနာ(၃)ပါးကိုပူဇော်တဲ့အခါ အသုံးပြုဖို့ ပန်းကန်ခွက်ယောက်အစုံပါတယ်။

အဲဒီ လက်ဆွဲသေတ္တာလေးကိုဖြန့်ထုတ်ချလိုက်ရင်လည်း စားပွဲခုံလေးတစ်လုံးဖြစ်သွားတာပေါ့။

ဘာသာရေးနဲ့ဆက်နွယ်ပြီး ပြောရရင် ဦးနုဟာ ဆဋ္ဌသံဂါယနာတင်ပွဲကိုလည်း အောင်မြင်အောင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်။

~~~~~~~~~~~~~~~~~~~~~

အဲဒီခေတ်အခါ  တိုင်းပြည်ဟာ အစစအရာရာ အစကနေပြန်စလို့ တဖြည်းဖြည်းအရှိန်ရနေပြီ။

ဦးနုဟာ သူ့တိုင်းပြည်ကို အင်မတန် တိုးတက်စေချင်တယ်။

ဒါကြောင့် သမ္မာအာဇီဝကျကျ တိုင်းပြည်တိုးတက်ဖို့ဆိုရင် ဘာလုပ်ရမလဲလို့အမြဲတမ်း တစ်ခုမဟုတ် တစ်ခုတွေးပြီးဆောင်ရွက်နေတာချည်းပဲ။

ဒီလိုနဲ့ တစ်နေ့မှာ ဦးနုအတွေးတစ်ခုပေါ်လာတယ်။

အဲဒါဟာ ပညာရေးနဲ့ပတ်သတ်တဲ့အတွေးပါ။

ဦးနုတွေးတယ်။

ပညာရေးဟာ တိုင်းပြည်တစ်ပြည်အတွက်အနာဂတ်ဆိုတာသိတဲ့အတွက်ဦးနု ဟာ ပြည်တွင်းပြည်ပ ပညာရှင်တွေကိုစုစည်းပြီးကော်မတီဖွဲ့စေရင်း ပညာရေးအကြောင်းအထပ်ထပ် အဖြေရှာခဲ့တယ်။

အထက်ကနေ ဟိုးအောက်အထိ လပေါင်းများစွာ စနစ်တကျ သုတသနဆင်းပြီး မှတ်တမ်းယူစေတယ်။

စနစ်ကိုဖန်တီးတယ်။

မကြိုက်မချင်း ပြင်ဆင်တယ်။

ဖြည့်စွက်တယ်။

အတည်ပြုတယ်။

နောက်ဆုံး တကယ့်ကို ပြည့်စုံတဲ့ ပညာရေးစနစ်သစ်နဲ့ သင်ရိုးညွှန်းတမ်း ကိုအတည်ပြု ခြင်းတွေလုပ်ဆောင်ဖို့ နဲ့စတင်ကြဖို့ အားလုံးအဆင်ပြေသွားပြီ။

မြန်မာနိုင်ငံဟာ ပညာရေးမှာသာ ထိပ်တန်းရောက်ခဲ့ရင် ကမ္ဘာ့ဦးဆောင်နိုင်ငံတွေထဲက တစ်ခုဖြစ်ဖို့သေချာသွားပြီ။

အိမ်မက်ကြီးဟာ သိပ်ကိုကြီးမားကျယ်ပြန့်ခမ်းနားလွန်းတယ်။

~~~~~~~~~~~~~~~~~~~~~

ဒါပေမဲ့ အဲဒါတွေအတည်ပြုစတင်သတ်မှတ်လုပ်ဆောင်တော့မဲ့ လပိုင်းအလိုမှာဦးနုဟာ ဗိုလ်ချုပ်နေဝင်းရဲ့ထာဝရအာဏာသိမ်းခြင်းကိုခံခဲ့ရတော့တယ်။(ဦးနုဟာ အရှေ့နှစ်တွေမှာလည်း ဗိုလ်ချုပ်နေဝင်းရဲ့ယာယီအာဏာသိမ်းခြင်းခံခဲ့ရပါတယ်)

ပညာရေးအတွက် အကောင်းဆုံးတွေကို သေချာအဖြေရှာပြီးစတင်ဖို့ လက်တစ်ကမ်းအလိုမှာ အာဏာသိမ်းခံလိုက်ရတာ တုန်လှုပ်ဝမ်းနည်းစရာအကောင်းဆုံးပဲ။

ဦးနုဖွဲ့ထားတဲ့ပညာရေးသင်ရိုးညွှန်းတမ်းအသစ်ရေးဆွဲရေးကော်မတီဟာလည်း ဦးနေဝင်းအာဏာသိမ်းလိုက်တဲ့အခါ အလိုလို ပြိုကွဲ ပျက်စီးပြီး ပျောက်ဆုံးသွားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

ဗိုလ်ချုပ်နေဝင်းရဲ့တစ်သွေးတစ်သံတစ်မိန့်အောက်မှာ ဝန်ကြီးချုပ်ဦးနုရဲ့အိမ်မက်တွေဟာ အာဏာတွေနဲ့ အတူအသိမ်းခံခဲ့ရပါပြီ။

ဦးနုဟာ အခုလူငယ်တွေအားလုံး ပျော်ရွှင်နေကြတဲ့ ချစ်သူများနေ့လို့သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာပဲ ကွယ်လွန်အနိစ္စရောက်သွားခဲ့တာပဲဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~

စာရှည်သွားမှာစိုးတဲ့ အတွက် ချန်လှပ်ခဲ့ရတဲ့ ဝန်ကြီးချုပ်ဦးနုအကြောင်းတွေ အများကြီးကျန်ပါသေးတယ်။

ဝန်ကြီးချုပ်ဦးနုနဲ့ပတ်သတ်ပြီး အခုချိန်မှာ သဘောကျထောက်ခံသူများရှိသလို သဘောမကျသူများလည်းရှိနေတာလည်း မြင်မိကြားမိပါတယ်။

ဝန်ကြီးချုပ်ဦးနု ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။
" လူတစ်ကိုယ် တိုက်တစ်လုံး ကားတစ်စီး ဝင်ငွေ(၅၀၀) ရအောင် သူကြိုးစားပေးပါ့မယ်"တဲ့။

ဒီစကားကိုတစ်ချို့က "အလကားမျှော်လင့်ချက်ပေးပြီးအကျိုးလိုလို့ညောင်ရေလောင်းတဲ့ ပြည်တော်သာစီမံကိန်း"ဆိုပြီး ဝေဖန်ကြသလို တစ်ချို့ကလည်း"ဦးနု အခုလိုပြောတာ သူ့ဆန္ဒအမှန်ပဲ" လို့ ထောက်ခံကြပါတယ်။

တစ်ချို့ကလည်းဦးနုကို "ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းခဲ့လို့ မကျေနပ်တဲ့ဘာသာခြားတိုင်းရင်းသားတွေက လက်နက်ကိုင်ပြီး ဆူပူလာကြတာ"လို့ ပြောကြသလို တစ်ချို့ကလည်း "လူတိုင်းရဲ့ဘာသာကိုအဆင်ပြေအောင်လုပ်ပိုင်ခွင့်ပေးပြီးမှ ဒီလိုပြဋ္ဌာန်းတာဖြစ်တဲ့အတွက် ဦးနုလုပ်တာသင့်လျော်ပါတယ်"ဆိုပြီး ထောက်ခံသူများလည်းရှိပါတယ်။

ဘဂါင်္လီ/ရိုဟင်ဂျာဟူသော အခေါ်အဝေါ်များ နေရာပေးမှုမပေးမှုများနဲ့ ပတ်သတ်ပြီးတော့လည်း ဦးနုဆောင်ရွက်ချက်အပေါ်ကြိုက်သူ/မကြိုက်သူ တို့ အစုံ အတွေးများအငြင်းပွားနေကြဆဲပါ။

ဒီနောက်ပိုင်းကာလများမှာ စင်ပြိုင်အစိုးရကိစ္စ/ ကျောင်းသားများနှင့်ကိစ္စ / သပိတ်နဲ့ပတ်သတ်ပြီး လမ်းညွှန်မှုရမရကိစ္စ စသည်ဖြင့်လည်း မျိုးစုံ သဘောတူသူမတူသူ အခုထိ ဝိဝါဒ ကွဲပြားနေကြဆဲပါပဲ။

ဦးနုနဲ့ပတ်သတ်ပြီးတိုင်းရင်းသားဆိုင်ရာကိစ္စတွေ/ နယ်မြေဆိုင်ရာကိစ္စတွေကို လည်း အခုထိ လက်ခံကြသူနှင့်အငြင်းပွားသူ အမျိုးမျိုးရှိနေကြဆဲပါ။

အချို့က ဦးနုကိုစင်ပြိုင်အစိုးရကိစ္စနဲ့ပတ်သတ်ပြီး အာဏာမက်ပြီးဖျာဝင်ခင်းတယ်လို့ ပြောတာလည်းရှိပါတယ်။ဦးနုကလည်း
"ဟုတ်ပါတယ်။ဖျာဝင်ခင်းတယ်ဆိုတာမှန်တယ်။ဒါပေမဲ့ အဲလိုဖျာဝင်ခင်းတယ်ဆိုတာလည်းကိုယ်တွေအတွက်မဟုတ်ဘဲ မောင်တို့မယ်တို့ထိုင်ဖို့ပါပဲကွယ်"လို့လည်း ပြောဖူးပါတယ်။

စသည်ဖြင့် ဦးနုနဲ့ပတ်သတ်ပြီး နှစ်ထွေသောကြိုက်သူမကြိုက်သူတို့ ဝိဝါဒကွဲပြားနေကြပါတယ်။

ဦးနုမှန်တယ် မှားတယ်ရယ်လို့တော့ နိုင်ငံရေးလက်ဆိပ်မရှိတဲ့ ကျွန်တော် သေချာမပြောတတ်ပါ။

ဦးနုမှားတာလည်းရှိပါလိမ့်မယ်။မှန်တာတွေလည်းရှိပါလိမ့်မယ်။ဒါပေမဲ့ တိုင်းပြည်အပေါ်စေတနာရှိတဲ့ အစိုးရတစ်ဦးဆိုတာတော့ လက်ခံနိုင်ပါတယ်။

ဒါပေမဲ့အခု ကျွန်တော်ရေးတဲ့စာဟာ အမြင်တူတာတွေမတူတာတွေကိုပြောချင်လို့မဟုတ်ပါဘူး။

ဦးနုအကြောင်းကိုအမြင်တူသူမတူသူပြိုင်ငြင်းဖို့ဒီစာကိုရေးတာလည်းမဟုတ်ပါ။

သမိုင်းဖြစ်ရပ်တစ်ခုကိုမြင်ယောင်ပြီး ယခုလက်ရှိဖြစ်ရပ်နဲ့ချိန်ထိုးရင်း လိုအပ်တာတွေကို လေ့လာနိုင်စေဖို့ဖြစ်ပါတယ်။

အတိတ်ဖြစ်ရပ်တွေနဲ့ အခုအနာဂတ်ကို ယှဉ်ထိုးလေ့လာ ချင့်ချိန်ကြည့်ပါ။

ဦးနု အကောင်းဆုံး ကြိုးစားထားခဲ့တဲ့ နေကောင်းပြီးကျန်းမာလာခါစတိုင်းပြည်ကြီးဟာ အာဏာရှင်ဦးနေဝင်းရဲ့ အာဏာသိမ်းခြင်းကိုခံလိုက်ရတဲ့အခါ တဖြည်းဖြည်းချင်းပြန်အားနည်းပြီး ရောဂါဘယမျိုးစုံဖိစီးလာခဲ့တယ်။

အဲဒီကမှ တစ်ဆင့် အာဏာရှင်တွေရဲ့ ဆက်လက်အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်ဟာ သေခါနီးလေးနဲ့တရွတ်တိုက်အခြေအနေဖြစ်ခဲ့ရတယ်။

အရွယ်ရောက်ခါစ တိုင်းပြည်ကို မတရားသောနည်းလမ်းနဲ့ အာဏာရှင်တွေမတရားသိမ်းပိုက်လိုက်တာဟာ တိုင်းပြည်အပေါ်သက်ငယ်မုဒိန်းမှု ကျူးလွန်လိုက်တာပါပဲ။

အာဏာရှင်အုပ်ချုပ်ခြင်းခံထားရတဲ့ တိုင်းပြည်အခြေအနေဟာ ဘာနဲ့တူသလဲဆိုရင် ဆီးမသွားနိုင်တဲ့လူနာကို ဆီးဆေးအတင်းထိုးပြီး အတင်းဆီးသွားအောင်လုပ်ခိုင်းနေသလိုပဲ။ကြာလေလေ တိုင်းပြည်သေဖို့နီးလေလေပါပဲ။

အရှေ့ကလူက ဘယ်လောက်ပဲကောင်းအောင်ကြိုးစားခဲ့ပါစေ။နောက်က လူက ဖျက်ဆီးရင် အကုန် ဆုံးရှုံး နစ်နာတော့ပဲ။

အခုအချိန်မှာလည်း အခြေအနေတစ်ခုအထိတော့ လိုချင်တဲ့ပန်းတိုင်နားရောက်ခါနီးဖြစ်နေပါပြီ။အောင်မြင်ဖို့လည်းမလိုတော့ပါဘူး။ဒါပေမဲ့ အာဏာရှင်သာ ကြားဝင်နိုင်ခဲ့ရင် သမိုင်းထဲက ဖြစ်ရပ်အတိုင်းအကုန်ပြန်ပျက်ဆီးပြီး နှစ်ပေါင်းများစွာကြာသော်လည်း အစကနေပြန်မစနိုင်ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်အတိတ်ဖြစ်ရပ်ကို သင်ခန်းစာယူပြီး စည်းစည်းလုံးလုံးနဲ့ အာဏာရှင်ကို ကြားမဝင်နိုင်အောင်ညီညွတ်သွေးစည်းကြရပါမယ်။

~~~~~~~~~~~~~~~~~~~~~~

အခုနောက်ဆုံးမျှော်လင့်ချက် သက်တမ်း(၇၄)နှစ်အရွယ်သံမဏိနှင်းဆီတစ်ခိုင်ပဲ ကျန်ပါတော့တယ်။

သံမဏိနှင်းဆီလည်း သက်တမ်းတော်တော်ကြာရုန်းကန်ရှင်သန်လာရတော့ အိုမင်းနေပါပြီ။

ဒါကြောင့် အတိတ်ဖြစ်ရပ်ထဲမှာ ဦးနုကြိုးစားသမျှကို အာဏာရှင်ဦးနေဝင်းက ဘယ်လိုဖျက်ဆီးခဲ့လို့ အခုထိ နလန်မထူနိုင်တော့ဘူးလဲဆိုတဲ့ ဖြစ်ရပ်မှန်နမူနာကို သင်ခန်းစာယူပြီး နောက်ဆုံးတစ်ပွင့်ကျန်တဲ့ သံမဏိနှင်းဆီကို တန်ဖိုးထားပေးကြပါ။

~~~~~~~~~~~~~~~~~~~~~~

(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မဲ့ အချက်အလက်တွေလည်းတိတိကျကျထွက်လာပါပြီ။

အားရဖို့ကောင်းတာက ဖွဲ့စည်းပုံကိုပြင်ဖို့ အချက်အလက်တွေတင်ပြထားတဲ့အထဲမှာ တိုင်းရင်းသားပါတီတွေလည်းအများကြီးရှိနေတာကိုတွေ့ရခြင်းဖြစ်ပါတယ်။

အခြေခံဥပဒေပြင်ဆင်ဖို့ မြေပြန့်ကလူတွေတင်မကဘဲ တိုင်းရင်းသားတွေကပါ စည်းစည်းလုံးလုံး အားထုတ်နေကြတဲ့အချိန်မှာ ကျန်တော်တို့တတွေ မကျန်ခဲ့ဖို့လိုပါတယ်။

(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တဲ့အကြောင်းပဲ ခဏခဏပြောတယ်လို့ ကျွန်တော့်ကိုမထင်ပါနဲ့။

ဒီရက်ပိုင်းဟာ ပြင်ဆင်ရေးအသက်ဝင် စတင်လာတဲ့ကာလတွေဖြစ်တဲ့အတွက် စာရေးခြင်းဖြင့်မကြာခဏတိုက်တွန်းပြီး မေတ္တာရပ်ခံနေရခြင်းပါ။

ကျွန်တော်တို့အမိမြန်မာပြည်ကြီးဟာ အာဏာရှင်လက်အောက်တစ်ခါပြန်ပြီးရာက်လိုက်တာနဲ့ ကြိုးစားထားသမျှ ခဲလေသမျှ သဲရေကျဖြစ်ပြီး လူတိုင်းအနာဂါတ်သေဆုံးသွားနိုင်ပါတယ်။

ဦးနုကြိုးစားထားသမျှဦးနေဝင်းကတစ်ချက်တည်းဖျက်ဆီးလိုက်လို့ အခုထိနလန်မထူနိုင်ပဲဖြစ်သွားတဲ့ ရာဇဝင်သမိုင်းထဲက ဖြစ်ရပ်မှန်လေးနဲ့နမူယူနိုင်စေဖို့ အကျဉ်းချုံးဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

                         ကိုယ်တိုင်ဖတ်ဖို့ အတွေးတစ်စ
                                       အောင်ထွဋ်စံ
                                               ၁၈.၇.၂၀၁၉